Monday, July 30, 2018

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အာဆီယံတရားစီရင်ရေးပေါ်တယ် စတင်ဖွင့်လှစ်ခြင်း အခမ်းအနားနှင့် (၆)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေး တက်ရောက်





Image may contain: 8 people, people standing and shoes
 နေပြည်တော် ဇူလိုင် ၂၉



 

 ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပသည့် “ အာဆီယံတရားစီရင်ရေး ပေါ်တယ် (ASEAN Judiciaries Portal) စတင်ဖွင့်လှစ်ခြင်းအခမ်းအနား နှင့် (၆)ကြိမ်မြောက် အာဆီယံတရား သူကြီးချုပ်များကောင်စီ အစည်းအဝေး သို့ တက်ရောက်သည်။
အာဆီယံတရားစီရင်ရေးပေါ်တယ် စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို (၆)ကြိမ်မြောက် အာဆီယံတရားသူကြီး ချုပ်များကောင်စီ အစည်းအဝေးနှင့် ပူးတွဲလျက် တစ်ဆက်တည်း ကျင်းပခြင်း ဖြစ်ပြီး ယင်းအခမ်းအနားသို့ အာဆီယံ အတွင်းရေးမှူးချုပ်၊ စင်ကာပူနိုင်ငံဝန်ကြီး များ၊ အာဆီယံဒေသဆိုင်ရာ နော်ဝေ ကိုယ်စားလှယ်၊ အာဆီယံတရားသူကြီး ချုပ်များ၊ အဆင့်မြင့်တရားသူကြီးများ နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ကြသည်။
အာဆီယံတရားစီရင်ရေးပေါ်တယ်သည် အာဆီယံနိုင်ငံများ၏ ဥပဒေနှင့် တရား ရေးဆိုင်ရာ သတင်းအချက်အလက် များကို တစ်နေရာတည်းတွင် ရယူ အသုံးပြုနိုင်သည့် အင်တာနက်ပေါ်တယ် ဖြစ်ပြီး အာဆီယံတရားစီရင်ရေး အဖွဲ့ အစည်းများကြား သက်ဆိုင်ရာ နယ်ပယ် အလိုက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံအစိုးရ ၏ ပံ့ပိုးကူညီမှုဖြင့် တည်ထောင်ခြင်း ဖြစ်သည်။
(၆)ကြိမ်မြောက် အာဆီယံတရား သူကြီးချုပ်များ ကောင်စီအစည်းအဝေး ကို အာဆီယံနိုင်ငံများမှ တရားသူကြီး ချုပ်များ၊ အဆင့်မြင့်တရားသူကြီးများနှင့် လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ တက် ရောက်သည်။ အစည်းအဝေးတွင် သက် ဆိုင်ရာ လုပ်ငန်းအဖွဲ့များက အာဆီယံ တရားသူကြီးချုပ်များကောင်စီ ပဋိညာဉ် နည်းဥပဒေများ၊ အာဆီယံနိုင်ငံများ အကြား တရားမဆင့်စာချအပ်ရာတွင် လိုက်နာသင့်သည့် စံသတ်မှတ်ချက်များ၊ အာဆီယံနှင့် အခြားနိုင်ငံများ တွေ့ဆုံ ဆွေးနွေးရေး၊ အာဆီယံတရားစီရင်ရေး ပေါ်တယ်အသုံးပြုလျက် အာဆီယံ တရားသူကြီးများအတွက် လေ့ကျင့် သင်ကြားရေးအစီအစဉ်များ၊ မှုခင်းစီမံ ခန့်ခွဲမှုနှင့် တရားရုံးတွင် နည်းပညာ အသုံးပြုမှု၊ နယ်စပ်ဖြတ်ကျော် ကလေး သူငယ်ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်း ရေး၊ တရားစီရင်ရေးတွင် ကြုံတွေ့ရမည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ အစ ရှိသည်တို့ကို အစီရင်ခံတင်ပြကြသည်။ တက်ရောက်လာသည့် အာဆီယံတရား သူကြီးချုပ်များနှင့် တရားသူကြီးများက ယင်းအစီရင်ခံစာများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် များအပေါ် ဆွေးနွေးပြီး ''စင်ကာပူ ကြေညာချက်''ကို သဘောတူထုတ်ပြန် ခဲ့သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် အတူ အာဆီယံဒေသတွင်း တရားစီရင် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment