Monday, July 30, 2018

ရေဘေးအန္တရာယ်ကင်းဝေးရေး ဝိုင်းဝန်းကူညီ


Image may contain: text
မြန်မာနိုင်ငံတွင် ကြုံတွေ့လေ့ရှိသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုး တို့အနက် ရေကြီးရေလျှံမှုအန္တရာယ်မှာ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသော ပြဿနာဖြစ်လာသည်။ ရေတို့၏သဘောမှာ မြင့်ရာမှနိမ့်ရာသို့ စီးဆင်း တတ်သဖြင့် ယခုကဲ့သို့ မိုးရာသီကာလ မိုးရွာသွန်းမှုလွန်ကဲသည့် အချိန်အခါတွင် မြစ်ချောင်းများပတ်ဝန်းကျင်နှင့် အနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော ဒေသခံပြည်သူများ ရေကြီးရေလျှံမှုအန္တရာယ်မှ ကင်းဝေးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
လက်ရှိတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့အတွင်းရှိ အနိမ့်ပိုင်း ဒေသနေ ပြည်သူအချို့ ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရပြီး အချို့ဒေသများတွင် ပြည်သူများ နေအိမ်များမှစွန့်ခွာကာ ရေဘေးရှောင် နေထိုင်ကြရသည်။ ရေဘေးသင့် ပြည်သူများအား နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီ စောင့်ရှောက်ပေးနေသည်ဆိုသော်လည်း ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ နေရစဉ် အခြားဘေးအန္တရာယ်များကိုလည်း မိမိတို့ကိုယ်တိုင် သတိထားရှောင်ရှားကြရမည်ဖြစ်သည်။
ယခုနှစ် မိုးရာသီ ဝါဆိုလသည် ဝါထပ်သောလဖြစ်ပြီး ဝါထပ်သော လ၌ ရေကြီးရေလျှံမှု ပိုမိုဖြစ်တတ်သည့် အစဉ်အလာရှိသည်။ ယခုကာလ တွင် နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး မြစ်ရေများ မြင့်တက်နေချိန်တွင် ပင်လယ်ဒီရေပါ တက်လာသောကြောင့် အနိမ့်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သည်။ ဆက်လက်၍လည်း မိုးရွာသွန်းမှု အားကောင်းနေမည်ဟု မိုးလေဝသမှ အသိပေးထားသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်ရန် အလားအလာရှိ သည့်ဒေသများအနေဖြင့် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ဖွယ်ရှိသည် များကို ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်သည်။
ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသော ပြည်သူများအနေဖြင့် အကူအညီများမရောက်မီ ရေလွတ်ရာ အမြင့်များတွင်သာ နေထိုင်ကြပြီး ရနိုင်သမျှ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစား၊ အသက်ကယ်ပစ္စည်း များကို တစုတစည်းတည်း စုစည်းထားရန်လိုအပ်သည်။ မကျန်းမာ သူများ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအား အထူးစောင့်ကြည့် ဂရုစိုက်ရန်လိုအပ်သည်။ ထို့အပြင် မသန့်ရှင်းသော အစားအစာများကို မစားမိရန်လိုပြီး လျှပ်စစ်ဓာတ်ကြိုးများနှင့် အဆိပ်ရှိသော ပိုးကောင်၊ မွှားကောင်၊ သတ္တဝါများ မိမိနေထိုင်ရာတွင် တွယ်ကပ်နေခြင်း ရှိ၊မရှိ သတိထားရမည်ဖြစ်သည်။ ရေတက်လာမှု ပိုမိုဆိုးရွားလာပါက နီးစပ်ရာ အဖွဲ့အစည်းများအား အကူအညီတောင်းခံပြီးမှ ရွှေ့ပြောင်းထွက်ခွာ သင့်သည်။
ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်ခြေရှိသည့်ဒေသများမှ ပြည်သူများ အနေဖြင့် အစားအသောက်၊ ဆေးဝါး၊ သန့်ရှင်းသောရေ၊ အသက် ကယ်ပစ္စည်းနှင့်လိုအပ်သည့်ပစ္စည်းများကို အသင့်ပြင်ဆင်ထားသင့်သည်။ ထို့အပြင် မွေးမြူရေးတိရစ္ဆာန်တို့ကို လှောင်ထားခြင်း၊ ကြိုးဖြင့် ချည်နှောင် ထားခြင်းတို့ကို မပြုလုပ်ရန် လိုအပ်သည်။ ဒေသဆိုင်ရာအဖွဲ့အစည်းနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ယာယီတည်းခို နေထိုင်နိုင်မည့် ရေလွတ်ရာနေရာများနှင့် အစားအသောက်နှင့် ဆေးဝါး ပစ္စည်းများကို ကြိုတင်စုဆောင်း ပြင်ဆင်ထားကြရမည်ဖြစ်သည်။ ထို့အပြင် ပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ ပညာပေးရေး၊ သတိပေးနှိုးဆော်ပေးရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ် ထုတ်ပြန်အသိပေး နေသော မိုးလေဝသသတင်းများနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရန်လိုအပ်သည်။
သို့ဖြစ်ရာ လက်ရှိကာလသည် ကျေးလက်၊ မြို့ရွာဒေသများ၌ ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဒေသများ၊ ကြုံတွေ့ရန်အလား အလာရှိသည့်ဒေသများ၊ အထူးသဖြင့် မိုးလေဝသဌာနမှ သတိပေးထား သည့် ဘားအံ၊ ပဲခူး၊ ရွှေကျင်နှင့် မဒေါက်မြို့၏ မြစ်ကမ်းနီးသော နေရာများနှင့် အနိမ့်ပိုင်းဒေသများ ရေဘေးမှ လွတ်ကင်းအောင် ရှောင်ရှားနိုင်ရေး၊ အလားတူ တောင်ငူ၊ ဘီးလင်းဒေသမှ ပြည်သူများ သတိပြုနေထိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

No comments:

Post a Comment