
ဂျကာတာ ဇူလိုင် ၂၉
အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများပြားသည့် လွမ်ဘွတ်ကျွန်း၌ အင်အားပြင်း မြေငလျင်လှုပ်မှုဖြစ်ပွားရာ ၁၄ ဦးထက်မနည်း သေဆုံးရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇူလိုင် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းရှိ လွမ်ဘွတ်ကျွန်း၌ ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီထိုးခါနီးတွင် လှုပ်ခဲ့သော မြေငလျင်ကြောင့် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အလုံးပေါင်း ရာပေါင်းများစွာမှာလည်း ပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိ မြေငလျင်လှုပ်စဉ် ဒေသခံပြည်သူများသည် ကြောက်အားလန့်အားဖြင့် နေအိမ်ပြင်ပသို့ ရောက်ရှိအောင် ထွက်ပြေးခဲ့ကြရသည်။ မြေငလျင်လှုပ်မှုကြောင့် ခြေကျင်ခရီးထွက် သူများ အသုံးပြုလေ့ရှိသည့် တောင်တက်လမ်းများ တစ်လျှောက်တွင်လည်း မြေပြိုမှုများ ဖြစ်ပွားခဲ့ရသည်။
လွမ်ဘွတ်ကျွန်း၏ မြောက်ဘက်တွင် မြေငလျင်လှုပ်မှု ဖြစ်ပေါ် ခဲ့ပြီး အင်အားပြင်းထန်သော နောက်ဆက်တွဲ မြေငလျင်နှစ်ခုနှင့် နောက်ဆက်တွဲ မြေငလျင်ငယ် ၁ဝဝ ကျော် ထပ်မံလှုပ်ခဲ့သည်။
မြေငလျင်ကြောင့် လူပေါင်း ၄ဝ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရ ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုဖိုပါဝိုက ပြောကြားသည်။
မြေငလျင်ကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် ရင်ဂျာနီတောင် ၏ ခြေကျင်ခရီး အပန်းဖြေထွက်သူများ အသုံးပြုသော လမ်းများ ကို ပိတ်ထားလိုက်ရကြောင်း အာဏာပိုင်များက ပြောကြားကြ သည်။
အေအက်ဖ်ပီ
No comments:
Post a Comment