Wednesday, July 4, 2018

ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း အာမခံမှုဖြင့် အီးယူသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိမည့် မှတ်ပုံတင်စနစ်သစ် စတင်

Image may contain: 3 people, people sitting, table and indoor
သတင်းဆောင်းပါး - ခင်ရတနာ၊ ဓာတ်ပုံ - အီးယူ၊ အဲလက်စ်
လက်နက်ခဲယမ်းမှလွဲလျှင် ကျန်ထုတ်ကုန်ပစ္စည်းများအားလုံးကို မြန်မာနိုင်ငံက ဥရောပဈေးကွက်သို့ အထူးအကောက်ခွန် ကင်းလွတ်ခွင့်အစီအစဉ်အရ အကောက်ခွန်လွတ်၊ ကိုတာလွတ်ဝင်ရောက်နိုင်ခွင့် ရရှိထားသည်။ အခြားနိုင်ငံ များနည်းတူ မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂသို့ ကုန်စည်များတင်ပို့သည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုအခါ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်သစ်ဖြင့် ဇူလိုင် ၁ ရက်မှစတင်ကာ တင်ပို့နိုင်ကြပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
''အရင်က အီးယူရဲ့ သတ်မှတ်တဲ့စည်းကမ်းနဲ့ကိုက်ညီရင် အကောက်ခွန် သက်သာခွင့်၊ ကင်းလွတ်ခွင့်တွေကို ရနိုင်ပေမယ့် အဲဒီလိုရဖို့ အထောက် အထားကို ဝန်ကြီးဌာနက Copy GSP Form Aကို စိစစ်ထုတ်ပေးရပါတယ်၊ ၂ဝ၁၇ ခုနှစ်မှာ အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ တူရကီနိုင်ငံ တွေရဲ့ Generalized System of Preferences (GSP)အစီအစဉ်အရ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ် (Registered Exporter System) ကို စတင် ခဲ့ပြီး ကျွန်မတို့နိုင်ငံကလည်း ဒီစနစ်ကို စတင်ကျင့်သုံးတော့မှာဖြစ်ပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရှင်စောသုက ပြောကြားသည်။
အထူးအကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံများကို ယခင် ကျင့်သုံးသည့်စနစ်အရ ပို့ကုန်တင်ပို့သူများသည် ကုန်တန်ဖိုး ယူရို ၆ဝဝဝ ထက် ကျော်လွန်ပါက ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ပုံစံအေ လိုအပ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ဆေးထုတ်ပေးခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မှတ်ပုံတင်ထားသည့် ပို့ကုန်တင်ပို့သူများသည် ပင်ရင်းထုတ်ကုန် ကြေညာချက် ကိုယ်တိုင်ဖြည့်သွင်းခြင်းဖြင့် ကိုယ်တိုင် သက်သေခံရသည့်စနစ်သို့ ကူးပြောင်းခြင်းဖြစ်သည်။ စနစ်သစ်ကြောင့် ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်ရရှိမှုအတွက် လုပ်ထုံးလုပ်နည်းများ လျှော့ချပေးခြင်း ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက ပို့ကုန်များ ပိုမိုလွယ်ကူစွာ အီးယူသို့ တင်ပို့နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သိရသည်။
''စနစ်သစ်နဲ့ တင်ပို့မယ့် ကုမ္ပဏီခြောက်ခု ပြင်ဆင်နေတာရှိပါတယ်၊ ဝန်ကြီးဌာနက စိစစ်ပေးနေပါတယ်၊ မကြာမီတင်ပို့နိုင်ပါတော့မယ်၊ မှတ်ပုံတင် ထားတာမရှိသေးတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကတော့ ပုံစံအေကို အသုံးပြုနိုင်ပြီး မှတ်ပုံတင်ထားတဲ့လုပ်ငန်းရှင်တွေကတော့ ပင်ရင်းထုတ်ကုန်ဆိုင်ရာ ဖော်ပြ ချက်ကို ကိုယ်တိုင်ဖြည့်သွင်းရမှာပါ၊ အီးယူနဲ့ ဆက်စပ်နိုင်ငံတွေကို ယူရို ၆ဝဝဝ ထက်နည်းတဲ့ ပို့ကုန်တွေအတွက်ဆိုရင် ပင်ရင်းထုတ်ကုန်ဆိုင်ရာ ဖော်ပြချက် ဖြည့်သွင်းခွင့်ရှိပါတယ်''ဟု ဒေါ်ရှင်စောသုက ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂ဝ၁၉ ခုနှစ် ဇွန်လအထိ ဖောင်အေဖြင့် ဆက်လက် တင်ပို့နိုင်သော်လည်း နောက်ပိုင်းတွင် ယူရို ၆ဝဝဝ အထက် ပို့ကုန်ပစ္စည်းများ အတွက် မှတ်ပုံတင်ထားပြီး ပို့ကုန်လုပ်ငန်းရှင်က ဖြည့်သွင်းထားသည့် ပင်ရင်း ဒေသဆိုင်ရာဖော်ပြချက်နှင့် ပူးတွဲတင်ပြမှသာ GSP အထူးဦးစားပေး အကောက်ခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
''ပို့ကုန်တင်ပို့မယ်ဆိုရင် လိုအပ်တာတွေဖြည့်စွက်ပြီး ဝန်ကြီးဌာနမှာ မှတ်ပုံတင်ပို့ကုန်တင်ပို့သူ (Registered Exporter)အဖြစ် တစ်ကြိမ်မှတ်ပုံတင် ထားဖို့လိုပြီး နောက်ပိုင်းမှာ ကုန်စည်နဲ့အတူ တင်ပို့တဲ့ အရောင်းအဝယ်စာရွက် ပေါ်မှာ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာပေးလိုက်တာနဲ့ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိမှာပါ၊ ဝန်ကြီးဌာနကလည်း အကောက်ခွန်သက်သာခွင့်ရရှိဖို့ အတွက် စနစ်သစ်ကို ကုန်သည်/စက်မှုအသင်းချုပ်မှာလည်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတယ်''ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အီးယူသည် မြန်မာနိုင်ငံအပေါ်GSP စနစ်ဖြင့် အကောက်ခွန်သက်သာ ကင်းလွတ်ခွင့်ကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ဆိုင်းငံ့ထားခဲ့ပြီး ၂ဝဝ၈ ခုနှစ် တွင်လည်း ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှ စတင်ကာ လက်နက်ခဲယမ်းမှအပ ကျန်ကုန်စည်အားလုံးကို တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် အရေအတွက် ကန့်သတ်ခြင်းမှကင်းလွတ်ခွင့် (Duty free and Quota Free) ကို ပြန်လည်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အီးယူသို့ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်ပေါင်း ၃ဝဝ နီးပါးရှိပြီး ပို့ကုန်အများစုမှာ စက်မှုကုန်ချောပစ္စည်းများ၊ လယ်ယာထွက်ပစ္စည်း များ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း များ၊ ချုပ်ပြီးသားအထည်အလိပ်များ စသည်တို့ဖြစ်ကြောင်း ကုန်သွယ်ရေးဌာနမှ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂ဝ၁၇-၂ဝ၁၈ ဧပြီလမှ ဖေဖော်ဝါရီလအထိ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် ငွေကြေးအမျိုးအစားအလိုက် ပို့ကုန် သွင်းကုန်အစီရင်ခံစာအရ ယူရိုငွေကြေးဖြင့် ကုန်သွယ်ရာတွင် ပို့ကုန်စုစုပေါင်း သန်းပေါင်း ၃၁၇ သန်းကျော်ရှိပြီး စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ဘီလီယံရှိကြောင်း သိရသည်။
အီးယူသို့ ကိုယ်တိုင်လျှောက်ထားနိုင်
ပို့ကုန်တင်ပို့သူများသည် မှတ်ပုံတင်ပို့ကုန်တင်ပို့သူအဖြစ် လျှောက်ထားရန် အီးယူနိုင်ငံများ၏ဝက်ဘ်ဆိုက်https://customs.ec.europa.eu/rex-pa-ui/#/create-preapplication/သို့ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပြီးTin Number ၌ ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီအတွက် ထုတ်ပေးသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်နံပါတ်ရှေ့တွင် မြန်မာနိုင်ငံကုတ်MMကို ထည့်သွင်းဖြည့်စွက်ရမည်ဖြစ်သည်။ တင်ပို့မည့် ကုန်စည်များ၏ HS ကုတ်ရှေ့ဂဏန်းလေးလုံးကို ဖြည့်စွက်နိုင်ပြီး ပို့ကုန်များသည် တူညီသောHS ဖြစ်ပါက HS ကုတ် 4 Digit အဆင့်ဖြင့် ကုန်စည်အုပ်စု ၂ဝ ကျော်ပါကHS Chapter တစ်ခုလုံး ရွေးချယ်ဖြည့်စွက်ရန် လိုအပ်ကြောင်း ဝန်ကြီးဌာနက ညွှန်ကြားထားသည်။
အချက်အလက်များပြည့်စုံပါက ကုမ္ပဏီ၏ဒါရိုက်တာအမည်စာရင်းပါပုဂ္ဂိုလ်က လက်မှတ်ရေးထိုးကာ ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ပို့ကုန် တင်ပို့သူအဖြစ် လျှောက်ထားနိုင်မည်ဖြစ်ပြီး ဌာနမှစိစစ်ပြီးပါက သက်တမ်း နှစ်နှစ်ရှိ မှတ်ပုံတင်ပို့ကုန်တင်ပို့သူ မှတ်ပုံတင်နံပါတ် ထုတ်ပေးမည်ဖြစ်သည်။ ယင်းအချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဥရောသမဂ္ဂ၏ ဗဟိုအချက် အလက်ထိန်းချုပ်မှုစနစ် (Central Database)သို့ ထည့်သွင်းပေးမည် ဖြစ်သည်။ ယင်းမှတ်ပုံတင်သည် အီးယူ၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် တူရကီ နိုင်ငံများသို့ တင်ပို့သော မြန်မာ့ပင်ရင်းထုတ်ကုန်များအားလုံး အကျုံးဝင်မည် ဖြစ်သည်။
တင်ပို့မည့်ကုန်စည်သည် ပင်ရင်းထုတ်ကုန်အဖြစ် ဆုံးဖြတ်ရာတွင် နိုင်ငံ အလိုက်ပြဋ္ဌာန်းထားသည့် GSP များကို အသုံးပြုရပြီး ယင်းကို www.unctad.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် မှတ်ပုံတင်ပို့ကုန်တင်ပို့သူ အဖြစ် လျှောက်ထားမှုများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သက်သေပြပါ
ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာမည့်ကုန်စည်သည် ပြည်ပက တင်သွင်းသည့် ကုန်ကြမ်းများ ပါဝင်ထုတ်လုပ်ထားပါက စက်မှုထုတ်ကုန် တစ်ယူနစ်တိုင်းအတွက် ထုတ်ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်ကို ကြကြိုတင် လျှောက်ထားရန်လိုအပ်ပြီး ယင်းသက်တမ်းမှာ နှစ်နှစ်ဖြစ်ကြောင်း ဥရောပ သမဂ္ဂမှ သိရသည်။ ထို့ပြင် မှတ်ပုံတင်ပို့ကုန်တင်ပို့သူ၏ ပင်ရင်းထုတ်ကုန် များနှင့်ပတ်သက်၍ ဝန်ကြီးဌာနက စစ်ဆေးနိုင်ပြီး ပင်ရင်းထုတ်ကုန် လိမ်ညာ၍ ကြေညာခြင်း၊ မမှန်ကန်သော အချက်အလက်များ ကြေညာခြင်းတို့ကို တွေ့ရှိ ပါက မှတ်ပုံတင်ခွင့်ပြုချက်ကို ပယ်ဖျက်မည်ဖြစ်ပြီး ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်သည်။
''အရင်ကတော့ ပင်ရင်းထုတ်ကုန် ဟုတ်၊ မဟုတ်ဆိုတာကို ဝန်ကြီးဌာန ကနေ တာဝန်ခံခဲ့တာပါ၊ အခုစနစ်သစ်ကတော့ လုပ်ငန်းရှင်တွေကို ပြန်ပြီး တာဝန်ခံခိုင်းတာလို့ မြင်ပါတယ်၊ ကိုယ့်ရဲ့ ပို့ကုန်ဟာ ကိုယ့်နိုင်ငံကထွက်တဲ့ မိတ်အင်မြန်မာစစ်စစ် ဖြစ်တယ်ဆိုတာကို အာမခံခိုင်းတာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် အီးယူကို တင်ပို့မယ့်သူတွေ အားလုံးသိထားသင့်တယ်၊ အကောက်ခွန်ကင်းလွတ်ဖို့ အတွက် အရည်အချင်းနဲ့ပြည့်စုံတဲ့ ကုန်စည်တွေ ထုတ်လုပ်ရမယ်၊ ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ မှတ်တမ်းတွေ၊ စာရင်းတွေ စနစ်ကျရမယ်၊ ထုတ်လုပ်တဲ့ အခါ အသုံးပြုတဲ့ ကုန်ကြမ်းအားလုံးနဲ့ ဆက်စပ်တဲ့သက်သေတွေ သိမ်းဆည်း တတ်လာမယ်၊ ကုန်ကြမ်းတွေအားလုံးနဲ့ ဆက်စပ်တဲ့ အကောက်ခွန်ဆိုင်ရာ တွေအားလုံးလည်း စနစ်ကျလာမယ်၊ ဒီလိုဆိုရင် မြန်မာနိုင်ငံက ထွက်ကုန် တွေဟာလည်း အရည်အသွေးနဲ့ အာမခံနိုင်မှု မြင့်မားလာဖို့ရှိတယ်''ဟု ပို့ကုန် လုပ်ငန်းရှင် ဒေါက်တာစိန်မောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးပုံစံသည် ကုန်သွယ်မှုအခြေခံစီးပွားရေး ဖြစ်သည့်အားလျော်စွာ ကုန်သွယ်ရာတွင် မှန်ကန်မျှတသည့် ယှဉ်ပြိုင်ခြင်း နည်းလမ်းများ၊ ရိုးသားသန့်ရှင်းသည့် ကုန်သွယ်ရေးစနစ်များကို အသုံးပြုခြင်းဖြင့် ပိုမိုနေရာရရှိလာအောင် ကြိုးပမ်းသင့်ကြောင်း ဥရောပသမဂ္ဂ၏ သံအမတ်ကြီး မစ္စတာKristian Schmidt ကလည်း စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်း ပြောကြားထားရာ မကြာမီ ပိုမိုလွယ်ကူစွာဖြင့် ဥရောပသမဂ္ဂနိုင်ငံများနှင့် ဆက်စပ်နိုင်ငံများသို့ ဈေးကွက်ဝေစု ပိုမိုရရှိအောင် ကုန်သွယ်မှုပြုလုပ်နိုင် တော့မည်ဟု ယူဆရပါသည်။ ။

No comments:

Post a Comment