Saturday, July 28, 2018

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများ ကျင်းပ

Image may contain: sky and outdoor
ရန်ကုန် ဇူလိုင် ၂၇
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ ''ဧဟိဘိက္ခု''ဟူသောစကားကို စတင်ကြားရသောနေ့တို့ဖြင့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့၌ မြတ်စွာ ဘုရားက ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူသည်ကိုအကြောင်း ပြု၍ ကျင်းပကြခြင်းဖြစ်ကြောင်း သိရ သည်။
သစ္စာလေးပါးတရားတော်
မြတ်စွာဘုရားသည် ဓမ္မစကြာ တရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီ ပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင် လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့သည်။ ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါးတရား တော်ကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်သည်။ ဓမ္မစကြာတရားတော်၏လမ်းစဉ်မှာ အစွန်းနှစ်ခုကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြား ထားပြီး သစ္စာလေးပါးတရားတော်ကို သိမြင်စေရန် ဟောကြားထားသော ကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်သည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင် လူတို့က ဓမ္မစကြာတရားတော်ကို အထူး ပင်အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြသည်။ ထို့ပြင် အမြို့မြို့ အနယ်နယ်၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ က ကြီးမှူး၍ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာတို့၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့က ဦးဆောင်၍ စေတီတော် ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ မြတ်စွာဘုရားအားရည်မှန်း၍ စေတီတော် မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ အမွှေးနံ့သာ ရည်များဖြင့် ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မစကြာအခါတော် နေ့ အခမ်းအနားကို ကျင်းပသည်။
ဝါဆိုရွှေကြာသင်္ကန်းဆက်ကပ်
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရင်ပြင်တော်တစ်ပတ်လှည့်လည်ပူဇော် ပြီး စေတီတော်ရင်ပြင်တန်ဆောင်းအသီးသီးရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ဝါဆိုရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ ရေစက်ချပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ပရိသတ်များက ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများထံမှ ဝါတွင်းသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ သူရဦးတင်လှ က အဖွင့်မင်္ဂလာစကား လျှောက်ထားသည်။
အနုမောဒနာတရားနာကြား
ယင်းနောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်း မှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာ တော်ကြီးများနှင့် သံဃာတော်များအား ရွှေတိဂုံစေတီတော် ရောင်တော်ဖွင့်တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သီလဆောက်တည်
ရွှေတိဂုံစေတီတော်၌ ဝါတွင်းသုံးလဥပုသ်နေ့ နံနက် ပိုင်း ရင်ပြင်တော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ စေတီတော်သြဝါဒါစရိယဆရာတော်ကြီး များက ဝါတွင်းသီလပေးတရားတော်များ ချီးမြှင့်ကြမည် ဖြစ်ရာ ဥပုသ်သီတင်းသီလဆောက်တည်လိုသူများ၊ ဘုရား ဖူးလာပြည်သူများ လာရောက်ကြည်ညို၍ သီလခံယူ ဆောက်တည်နိုင်ကြောင်းသိရသည်။
ရွတ်ဖတ်ပူဇော်
သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈ဝ ပြည့်နှစ် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် စေတီတော်ရှိ အာရုံခံတန်ဆောင်းအပေါ်ထပ်၌ ကျင်းပရာ ဘာသာရေးအဖွဲ့ ဝတ်အသင်းသား အသင်းသူများက ဓမ္မ စကြာတရားတော် ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဖတ်ပူဇော်ကြ သည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈ဝ ပြည့်နှစ် ဒုတိယဝါဆို လပြည့် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို နံနက်ပိုင်း မှစတင်၍ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း များနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားစွာ ကျင်းပ လျက်ရှိသည်ကို တွေ့ရသည်။
နိဗ္ဗာန်ရောက်ကြောင်း တရားချီးမြှင့်
ဆူးလေစေတီတော်၌ ဂေါပကအဖွဲ့က ကြီးမှူး၍ စေတီတော်ကို လက်ယာရစ် သုံးပတ်ပတ်ကာ မုခ်လေးမုခ်ရှိ ပွင့်တော်မူပြီးသော ဘုရားလေးဆူနှင့် အတုလမာရ်အောင် မြတ်စွာဘုရားတို့အား ရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်း ပြီး အင်္ဂါထောင့်ရှိ ကျက်သရေဆောင်ခန်းမ၌ နံနက် ၈ နာရီမှစတင်၍ သီလပေးတရားချီးမြှင့်၍ မွန်းလွဲ ၁ နာရီ တွင် အနောက်ဘက်မုခ် ကြာသပတေးထောင့်ရှိ အဘိဓမ္မာ ပြန့်ပွားရေးအသင်း၏ သြဝါဒါစရိယဆရာတော်များက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်ကြသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဓမ္မပါလ ကုန်းမြေတွင် တည်ထားကိုးကွယ်တော်မူသော ဝရဒါဌာ ဓာတုစေတိယစွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂန္ဓကုဋိ တိုက်အတွင်း၌ ဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈ဝ ပြည့်နှစ် ဒုတိယဝါဆိုလပြည့်နေ့တွင် (၁၂)ကြိမ်မြောက် ဝါဆို ရွှေကြာသင်္ကန်းနှင့် (၂၁)ကြိမ်မြောက် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ကျင်းပရာ သြဝါဒါစရိယဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဓမ္မစကြာအခါတော်နေ့ ကျင်းပ
ယနေ့ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်ရဟန်း ရှင်လူများသည် ကျောင်းကန်ဘုရားများသို့သွား၍ ဝါဆို သင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ ဓမ္မစကြာ တရားတော်များရွတ်ဖတ်ပူဇော်ကြခြင်း၊ ဒါန သီလ ဘာဝနာ တရားအားထုတ်ကျင့်ကြံပွားများခြင်းတို့ဖြင့် ဝါဆို လပြည့် ဓမ္မစကြာအခါတော်နေ့ကို ကျင်းပကြသည်။
စည်ကားလျက်ရှိ
အလားတူ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ ရပ်ကွက် များရှိ ဓမ္မာရုံများ၌လည်း ဝါဆိုလပြည့်ဓမ္မစကြာအခါတော် နေ့တွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ကြသူများ၊ ဒါန သီလ ဘာဝနာပွားများကြသူများ၊ ဥပုသ်သီတင်းဆောက်တည် ကြသူများ၊ စတုဒိသာကျွေးမွေး ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်

No comments:

Post a Comment