Monday, June 25, 2018

ရန်ကုန်တိုင်းဒေသကြီးရှိ ရေလှောင်တမံ ကိုးခု မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း စိုးရိမ်ဖွယ်ရာမရှိ

Image may contain: plant, sky, bridge, tree, grass, outdoor, nature and water
ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ရှိခဲ့သော်လည်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းထားသည့် ရေလှောင်တမံ ကိုးခုမှာ ရေဘေးအန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း အဆိုပါ ဌာနမှ သိရသည်။
''ငမိုးရိပ်ရေလှောင်တမံက ကန်ရေပြည့်မှတ်ရောက်ဖို့ ၁၇ ပေကျော်၊ လဂွမ်းပြင်ရေလှောင်တမံက ကန်ရေပြည့် မှတ်ရောက်ဖို့ ၂၂ ပေကျော်၊ တဘူးလှရေလှောင်တမံက ကန်ရေပြည့်မှတ်ရောက်ဖို့ ၂၇ ပေကျော် လိုပါသေးတယ်၊ ကျန်တဲ့တမံတွေလည်း ကန်ရေပြည့်မှတ်ရောက်ဖို့ အများကြီး လိုပါသေးတယ်၊ မိုးများလို့ ကန်ရေပြည့်မှတ် ရောက်သွား ရင်တောင် ရေပိုလွှဲကနေ အလိုအလျောက် ရေကျော်ကျပြီး မူလချောင်းဟောင်းထဲကို ပြန်ရောက်သွားပါတယ်၊ ဝန်ထမ်း တွေအနေနဲ့ ရေလှောင်တမံတွေကို အမြဲတမ်းပြုပြင် ထိန်းသိမ်းမှုတွေလုပ်ပါတယ်၊ တမံတွေနဲ့ပတ်သက်ပြီး စိုးရိမ် စရာမရှိပါဘူး၊ ဝန်ထမ်းတွေအနေနဲ့ နေ့၊ ညမပြတ် တမံ တွေကို စောင့်ကြည့်စစ်ဆေးနေပါတယ်'' ဟု ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဇွန် ၂၄ ရက်တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်း ထားသည့် ရေလှောင်တမံကိုးခုမှာ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ၊
ပေါင်းလင်းရေလှောင်တမံ(ငမိုးရိပ်ရေကူ)၊ မဟူရာရေလှောင် တမံ(ငမိုးရိပ်ရေကူ)၊ လဂွမ်းပြင် ရေလှောင်တမံ၊ ကလီထော် ရေလှောင်တမံ၊ တောင်လုံးမြောင်ရေလှောင်တမံ၊ တဘူးလှ ရေလှောင်တမံ၊ သန်လျင်မြို့နယ်ရှိ ဇာမဏီအင်းရေလှောင် တမံနှင့် ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်း ရေလှောင် တမံတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါတမံများ မိုးရာသီအတွင်း ထိခိုက်ပျက်စီးမှုမရှိစေရန် နှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဝန်ထမ်း များသည် မိုးရာသီမတိုင်မီကတည်းက ရေဘေးကာကွယ်ရေး ဆိုင်ရာ တည်ဆောက်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထား ရှိခြင်း၊ စက်ယန္တရား၊ ယာဉ်နှင့်လုပ်သားများ အသင့်ဖွဲ့စည်း ထားရှိခြင်း၊ စီမံချက်များရေးဆွဲထားခြင်းနှင့် ရေကင်းတာဝန် ချထားခြင်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ရေကြီးနစ်မြုပ်မှု လျော့နည်းစေရေးအတွက် ၂ဝ၁၆ ခုနှစ်မှ စတင်ကာ ၂ဝ၁၈ ခုနှစ် မိုးရာသီမတိုင်မီအထိ ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ လှည်းကူးမြို့နယ်တွင် အလျားမိုင်(၁၅ဝ ဒသမ ဝ၆)မိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်(၃၂ ဒသမ ၈၂)မိုင်၊ ထန်းတပင် မြို့နယ်တွင် (၈၄ ဒသမ ၈၆ဝ)မိုင်၊ မှော်ဘီမြို့နယ်တွင် (၂၇ ဒသမ ၃၃) မိုင်၊ တိုက်ကြီးမြို့နယ်တွင် (၅၈ ဒသမ ၇၄) မိုင်၊ သန်လျင်မြို့နယ်တွင် (၃၂ ဒသမ ၆၅)မိုင်၊ ကျောက်တန်းမြို့နယ် တွင် (၆၉ ဒသမ ၇၈)မိုင်၊ ခရမ်းမြို့နယ်တွင်(၇၃ ဒသမ ၇၉)မိုင်၊ သုံးခွမြို့နယ်တွင် (၉၉ ဒသမ ၁ဝ)မိုင်၊ တွံတေးမြို့နယ်တွင် (၂၇ ဒသမ ၆၃)မိုင်၊ ဒလမြို့နယ်တွင်(၄၂ ဒသမ ဝ၂)မိုင်၊ ကော့မှူးမြို့နယ်တွင် (၅၉ ဒသမ ၂၁)မိုင်၊ ကွမ်းခြံကုန်းမြို့နယ် တွင် (၈၉ ဒသမ ၆၅၅)မိုင် စုစုပေါင်း အလျားမိုင်(၈၄၇ ဒသမ ၆၄၆)ကို တူးဖော်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇွန်လအတွင်း မိုးရေချိန် အများဆုံး လေးလက်မကျော် ရွာသွန်းခဲ့သော်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းထားသည့် ရေလှောင်တမံ ကိုးခုမှ နွေစပါးစိုက်ပျိုးရေနှင့် ရန်ကုန်မြို့နေ လူထုအတွက် သောက်သုံးရေပေးဝေလျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ရေလှောင်တမံများမှ နွေစပါးစိုက်ဧက ၅၃၃ဝ၁ ဧကကို ရေပေးဝေနိုင်ခဲ့ပြီး မိုးစပါးအတွက် လိုအပ်ပါက ရေပေးဝေ နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - မင်းသစ်(MNA)
ဓာတ်ပုံ - နေလင်း

No comments:

Post a Comment