Friday, June 29, 2018

၁၆ သင်းအဆင့်မှာဘရာဇီးနဲ့ မက္ကဆီကို ထိပ်တိုက်တွေ့မယ်

Image may contain: 2 people, people smiling, people playing sports, stadium and outdoor
ဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဆားဘီးယားအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပြီး ၁၆ သင်းအဆင့်မှာ မက္ကဆီကိုအသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။
တိုက်စစ်မှူး နေမာ ဦးဆောင်လာတဲ့ ဘရာဇီးအသင်းဟာ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ဂျီးဆပ်ကိုအထောင်ထားပြီး နေမာ၊ ပေါ်လင်ဟို၊ ကော်တင်ဟို၊ ဝီလီယံတို့က ကွင်းလယ်နဲ့ တိုက်စစ်အချိတ်ဆက်မိမိ ကစားခဲ့တာကြောင့် ပွဲကစားချိန် ၃၆ မိနစ်မှာပဲ ပေါ်လင်ဟိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပွဲကစားချိန် ၆၈ မိနစ်မှာ နောက်ခံလူသီယာဂိုဆေးလ်ဗားက တစ်ဂိုးထပ်မံသွင်းယူခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးကြောင့် ဘရာဇီးအသင်းက ဆားဘီးယားအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘရာဇီးအသင်းဟာ အခုတစ်ကြိမ်ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ၁၆ သင်းအဆင့်ကို (၁၃)ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ရပ်ကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ ဆားဘီးယားအသင်းကတော့ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ ကမ္ဘာ့ဖလားကို ၂ဝဝ၆၊ ၂ဝ၁ဝ နဲ့ အခု ၂ဝ၁၈ တို့မှာ ဝင်ခွင့်ရရှိခဲ့ပေမယ့် အဲဒီသုံးကြိမ်စလုံးမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။
ဘရာဇီးအသင်းအနေနဲ့ အခုဆားဘီးယားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် နည်းပြ ဒန်နီလိုတီတီရဲ့လက်ထက်မှာ ၂၄ ပွဲကစားအပြီးမှာ ၁၉ ပွဲအထိနိုင်ပွဲရရှိအောင်စွမ်းဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးအသင်းနဲ့အတူ အုပ်စု(E)ကနေ အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်တက်လာတဲ့ ဆွစ်ဇာလန်အသင်းကတော့ အုပ်စု(F)မှ အုပ်စုပထမနဲ့ တက်လာတဲ့ ဆွီဒင်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘရာဇီးနဲ့ မက္ကဆီကိုပွဲစဉ်ကို ဇူလိုင် ၂ ရက်မှာ လည်းကောင်း၊ ဆွစ်ဇာလန်နဲ့ ဆွီဒင်ပွဲစဉ်ကို ဇူလိုင် ၃ ရက် မှာလည်းကောင်း ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။
ငွေကြယ်

No comments:

Post a Comment