Saturday, June 23, 2018

ရိုးရာနတ်ပွဲများနှင့် အိုးပုတ်ပွဲတော်တွင်ရောင်းချမည့် အိုးပုတ်များကို သုံးလခန့် ကြိုတင်ပြုလုပ်

Image may contain: food
မန္တလေး ဇွန် ၂၂
မန္တလေးမြို့၌ ကျင်းပသည့် အိုးပုတ်ပွဲတော် နှင့် နတ်ပွဲများတွင် မြန်မာ့ရိုးရာ အိုးပုတ်များ ရောင်းချနိုင်ရန်အတွက် သုံးလခန့်ကြိုတင် ပြုလုပ်ထားရကြောင်း တပ်ကြီးရွာ အိုးပုတ် ပြုလုပ်သူများက ပြောပြသည်။ အိုးပုတ်ပွဲနှင့် နတ်ပွဲတွေက ဝါဆိုဝါခေါင် ရေကြီးချိန်မှာ ကျင်းပခြင်းဖြစ်သည့်အတွက် ရေမတိုးခင် ကပင် ပြုလုပ်ထားကြသည်။ ရေတိုးသည့်အခါ အိုးပုတ်နှင့် မြေထည်များပြုလုပ်သည့် တပ်ကြီး ရွာ၌ ရေဝင်သည့်အတွက် အိုးပုတ်ပွဲတော်တွင် အိုးပုတ်များ ရောင်းချနိုင်ရန် ကြိုတင်ပြုလုပ် ကြရကြောင်း သိရသည်။
ခေတ်မီကစားစရာများစွာ ဈေးကွက် တွင် ထိုးဖောက်နေသော်လည်း မြန်မာ့ရိုးရာ အိုးပုတ်၊ ချိုးရုပ်ကလေးများကို ဝယ်ယူအားပေး လျက်ရှိသည်။ ဒေသအသီးသီးရှိ ဘုရားပွဲ များတွင် မြန်မာ့ရိုးရာ အိုးပုတ်၊ ချိုးရုပ်များနှင့် အတူ အခြားမြေထည်ပစ္စည်းများကို တွဲဖက် ရောင်းချကြသည်။ အရောင်မျိုးစုံခြယ်သကာ ကလေးငယ်များ စိတ်ဝင်စားအောင်ပြုလုပ် ထားသည့် မြန်မာ့ရိုးရာ အိုးပုတ်၊ ချိုးရုပ်ကလေး များကို တစ်နှစ်ပတ်လုံးပြုလုပ်ကာ ဒေသအနှံ့ တင်ပို့ရောင်းချလျက်ရှိသည်။ မန္တလေးမြို့နှင့် အနီး ဘုရားပွဲများတွင်ရောင်းချသော လှပစွာ ပြုလုပ်ထားသည့် မြေထည်များကို မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ် တပ်ကြီးရွာမှ အဓိကပြုလုပ် ရောင်းချသည်။
တပ်ကြီးရွာထွက် မြန်မာ့ရိုးရာ အိုးပုတ်၊ ချိုးရုပ်ကလေးများ၊ ထမင်းအိုး၊ ဟင်းအိုး ကလေးများ၊ မြေငရုတ်စုံ ကလေးများမှအစ အိုးပုတ် ၁၂ မျိုးကို လှပစွာပြုလုပ်ရောင်းချ ကြသည်။
မြန်မာ့ရိုးရာ မြေထည် အိုးပုတ်၊ ချိုးရုပ်မှ အစ အခြားကလေးကစား စရာလေးများကို ပြုလုပ်ရောင်းချရာတွင် အိုးပုတ်၊ ချိုးရုပ် အစုံအလုံးတစ်ထောင်လျှင် ငွေကျပ် ၅ဝဝဝဝ ဖြင့် ဖောက်သည်သွင်းကြရသည်။ ပြန်ရောင်း သူများမှာ တစ်လုံးလျှင် ငွေကျပ် ၁ဝဝ နှုန်းဖြင့် ရောင်းချသည်။ မြေစုဘူးများကိုမူ တစ်လုံးလျှင် ငွေကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ အရွယ်အစား ပုံသဏ္ဌာန်အလိုက် ရောင်းချသည်။ လက်ရှိ ကာလတွင် မန္တလေးမြို့အနီးရှိ ဘုရားပွဲများ၊ နတ်ပွဲများတွင် မြန်မာ့ရိုးရာ မြေထည်ပစ္စည်း များကို ပုံမှန်အတိုင်းရောင်းချလျက်ရှိသည်။
နွေနဒီ၊ မြစ်ငယ်

No comments:

Post a Comment