Tuesday, June 26, 2018

နိုင်ဂျီးရီးယားအလယ်ပိုင်းတွင် မျိုးနွယ်စုများအကြား အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၈၆ ဦးသေဆုံး

Image may contain: one or more people and outdoor
ဂျို့စ် (နိုင်ဂျီးရီးယား) ဇွန် ၂၅
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ တည်ငြိမ်မှုမရှိသော ဒေသတစ်ခု၌ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် လူမှုအသိုက်အဝန်းနှင့် ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းကျက်စားကာ နေထိုင်သည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် အသိုက်အဝန်းတို့အကြား အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြ သည်။
ကုန်းမြင့်ဒေသပြည်နယ် ဘာရီကင်ယာဒီဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပျံနှံ့ ဖြစ်ပွားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အဆိုပါရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်သည်။ ယင်းဒေသရှိ ဘီယွန်မျိုးနွယ်စုဝင် လယ်သမားများနှင့် ဖူလာနီမျိုးနွယ်စုဝင် မွေးမြူရေးသမားများ ဇွန် ၂၂ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ရှာဖွေတွေ့ရှိ
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး ဇွန် ၂၄ ရက်တွင် တာဝန်ရှိသူများက ဘီယွန်မျိုးနွယ်စု ဝင်များ၏ ကျေးရွာများ၌ ရှာဖွေမှု ပြုလုပ်ရာ ရုပ်အလောင်း ၈၆ လောင်းကို ရှာဖွေတွေ့ရှိရ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲမင်းကြီး အန်ဒေအဒီးက ပြောကြားသည်။
ယင်းကျေးရွာများတွင် လူနေအိမ်အလုံး ၅ဝ ခန့်မှာ လုံးလုံးလျားလျား ဖြိုဖျက်ခြင်းခံရပြီး ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးရှိကြောင်း၊ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုဝင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ပြည်နယ်ရဲမင်းကြီးက သတင်းထောက်များအား ပြောကြားသည်။
နယ်မြေပိုင်ဆိုင်မှုနှင့် သယံဇာတအရင်းအမြစ်များအတွက် ကာလရှည်ကြာစွာဖြစ်ပွား နေသည့် ပဋိပက္ခကြောင့် ယခုကဲ့သို့ လူအများသေဆုံးရမှုများသည် လာမည့်နှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် သမ္မတမူဟာမက်ဒူ ဘူဟာရီအား ဖိအားပေးမှု ဖြစ်ပေါ်စေသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ ဆယ်စုနှစ်အတန်ကြာကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ထောင်ပေါင်းများစွာသော လူများသေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ဂျီးရီးယားနိုင်ငံအတွက် အကြီးမားဆုံးလုံခြုံရေးကိစ္စဖြစ်လာကြောင်း ခွဲခြမ်းစိတ်ဖြာသူများက ယုံကြည်ကြသည်။
အေအက်ဖ်ပီ။

No comments:

Post a Comment