Tuesday, June 26, 2018

ဥရောပကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရာတွင် ဗြိတိန်ပါဝင်မည်ဟု ပြင်သစ်ဝန်ကြီးပြော

Image may contain: one or more people and outdoor
ပါရီ ဇွန် ၂၅
ဖွဲ့စည်းနိုင်ရန် အဆိုပြုထားသော ဥရောပကာကွယ်ရေးတပ်ဖွဲ့တွင် ဗြိတိန်နိုင်ငံ ပါဝင်မည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလေက ဇွန် ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ဥရောပတိုက်လုံးဆိုင်ရာ စစ်ရေးကြားဝင်ဖြေရှင်းရေးတပ်ဖွဲ့တစ်ဖွဲ့ ထူထောင်နိုင်မည့် အစီအစဉ်တစ်ရပ်နှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် ကိုးနိုင်ငံမှ တာဝန်ရှိသူ များသည် ဇွန် ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးစီးသည့်အခါ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ကာကွယ်ရေးဆက်ဆံမှု ခိုင်မာတိုးတက်မှု ဆက်လက်ဖြစ်ပေါ်စေမည့် နည်းလမ်းတစ်ရပ်အဖြစ် အီးယူကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ကို ထူထောင်ရန် စီစဉ်ခြင်းဖြစ်သည်။
ပြင်သစ်သမ္မတ အီမာနျူယယ်မေခရွန် ကမကထပြုကာ အဆိုတင်သွင်းခဲ့သော ဥရောပ ကာကွယ်ရေး တပ်ဖွဲ့သည် ဥရောပတိုက်အတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများသို့ လျှပ်တစ်ပြက် ဖြန့်ကြက်နိုင်စွမ်းရှိမည့် တပ်ဖွဲ့မျိုးဖြစ်မည်ဟုဆိုသည်။
လက်မှတ်ရေးထိုးမည်
ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ အက်စတိုးနီးယား၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့မှ ဝန်ကြီးများသည် ဇွန် ၂၅ ရက်တွင် လူဇင်ဘတ်၌ တွေ့ဆုံဆွေးနွေးပြီး အဆိုပါ တပ်ဖွဲ့၌ ပါဝင်ရန် လိုလားမှုရှိပုံကို ဖော်ပြသည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ပါလေက လီဖီဂါရိုအမည်ရှိ သတင်းစာသို့ ပြောကြားသည်။
ဥရောပလုံခြုံရေးကို ခြိမ်းခြောက်လာဖွယ်ရှိသည့် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ အီးယူနိုင်ငံများအတွင်း ပူးတွဲအစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်း၊ ဒေသခံများအား ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စစ်ရေးပဋိပက္ခ ကူးစက်ပျံ့နှံ့မှု မရှိလာစေရေးအတွက် ကြားဝင်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများတွင် အဆိုပါတပ်ဖွဲ့က ပါဝင် လှုပ်ရှားသွားမည်ဖြစ်ကြောင်း ဝန်ကြီးပါလေက ပြောကြားသည်။
ဥရောပကာကွယ်ရေးတပ်ဖွဲ့သည် အီးယူ၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် မူဘောင်အတွင်းမှ ဖွဲ့စည်းသည့် တပ်ဖွဲ့မဟုတ်ဘဲ သီးခြားထူထောင်မည့် တပ်ဖွဲ့ဖြစ်ခြင်းကြောင့် အီးယူမှ ဗြိတိန်နုတ်ထွက်သည့်တိုင်အောင် အသစ်ဖွဲ့စည်းမည့် တပ်ဖွဲ့တွင် ပါဝင်ခွင့်ရှိရန် လမ်းဖွင့်ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment