ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီ အစည်းအဝေးများ ကျင်းပရေးဆိုင်ရာကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပမည့် ရက်ကိစ္စ၊ ညီလာခံအစီအစဉ်များနှင့်
အခင်းအကျင်း ကိစ္စ၊ ညီလာခံသို့ ဖိတ်ကြားမည့် လေ့လာသူ အရေအတွက် သတ်မှတ်ရေးကိစ္စ၊ ညီလာခံသို့ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအား ဖိတ်ကြားရေးကိစ္စ၊ ညီလာခံ အတွက် ပေါင်းစပ်ညှိနှိုင်းရေးကိစ္စနှင့် (၁၅)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအစီအစဉ် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသူများက တင်ပြချက် များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ပဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ ဦးစိုင်းငင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦးနှင့် တာလှဖေတို့ တက်ရောက်ကြသည်။
မျိုးမြင့် (သတင်းစဉ်)
No comments:
Post a Comment