Thursday, June 21, 2018

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှအမေရိကန်နုတ်ထွက်မည်ဟု ထုတ်ပြန်ကြေညာ

Image may contain: 3 people, people smiling, people sitting, drink and indoor
ဝါရှင်တန် ဇွန် ၂ဝ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန် ပြည်ထောင်စု နုတ်ထွက်တော့မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေတို့က ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစ္စရေး နိုင်ငံအပေါ် တစိုက်မတ်မတ်ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်း သည် တရားမျှတမှုမရှိဟု အမေရိကန်အစိုးရက စွပ်စွဲ လိုက်ပြီး အဖွဲ့ဝင်နိုင်ငံများအတွင်း လူ့အခွင့်အရေး ချိုးဖောက်သော နိုင်ငံများပါဝင်နေခြင်းသည် ကြောင်သူ တော်ဆန်လှကြောင်း ရှုတ်ချလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ကြီး ဟာလေသည် ဝါရှင်တန်သို့ ပြန်လာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုနှင့်အတူ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် အထက်ပါအတိုင်း ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သော ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့နှစ်ဦးစလုံးတို့က အခိုင်အမာ ပြောကြားသည်။ သို့ရာတွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှ အမေရိကန်နုတ်ထွက်ရန် ဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂအဖွဲ့အစည်းအပေါ် ရန်ဘက်သဘောဆောင် ရပ်တည်ချက်ကိုင်စွဲမှုကို ထင်ဟပ် လျက်ရှိကြောင်း ဝေဖန်မှုများ ပေါ်ထွက်လာသည်။
မက္ကဆီကိုနိုင်ငံမှ အမေရိကန်ပြည်ထောင်စုအတွင်း သို့ တရားမဝင် ဝင်ရောက်လာသူများက ခိုလှုံခွင့်တောင်းခံ စဉ်ကာလအတွင်း ဥပဒေမဲ့ ဝင်ရောက်လာသူ မိသားစု များမှ ကလေးသူငယ်များကို ၎င်းတို့၏မိဘများ သို့မဟုတ် အုပ်ထိန်းသူများနှင့်အတူမထားဘဲ သီးခြားခွဲထုတ်ထား ရန် အမေရိကန်အစိုးရ၏ စီစဉ်ဆောင်ရွက်ချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူတစ်ဦး၏ ဝေဖန်ချက် ပေါ်ထွက်လာခဲ့အပြီး မကြာခင်မှာပင် လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက် မည်ဟု အမေရိကန်အစိုးရက ကြေညာခြင်းဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment