Sunday, June 24, 2018

ရန်ကုန်မြို့သစ်ကို စီးပွားရေးမြို့တော်နှင့် နေထိုင်ရန်ကောင်းသည့်မြို့တော်အဖြစ် အကောင်အထည်ဖော်သွားမည်

Image may contain: sky and outdoor
ရန်ကုန် ဇွန် ၂၃
ရန်ကုန်မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်းပြီး ထွက်ပေါ်နေသည့် မေးခွန်းများကို ဆွေးနွေးနိုင်ရန်နှင့် အများပြည်သူမှ မေးခွန်းများ မေးမြန်းနိုင်ရန်အတွက် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)က ဦးစီးပြီး ရန်ကုန်မြို့သစ် စီမံကိန်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/စက်မှုအသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC)မှ ဒေါ်အေးအေးခိုင်က အနောက်တောင် မြို့သစ်စီမံကိန်းသည် ရန်ကုန်တိုင်း ဒေသကြီးဧရိယာအတွင်းရှိ စီမံကိန်းများထဲမှ စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ အနောက်တောင်မြို့သစ် စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲပြီး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ အပိုင်း(၁)တွင် ဧက ၂ဝဝဝဝ ကျော်ပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့NYDCကို ဖွဲ့စည်းခဲ့ ကြောင်း၊NYDC သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ၁ဝဝ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြို့သစ်ကို စီးပွားရေးမြို့တော်နှင့် လူနေထိုင်ရန်ကောင်းသည့် မြို့တော်ဖြစ်ရန်Road Map ရေးဆွဲပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
ထို့နောက်Strategy First Institute မှ ဦးအောင် ချစ်ခင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီးNYDC Co., Ltd. မှSerge Pun (ခ)ဦးသိမ်းဝေ၊Sandhi Governance Institute မှ ဦးခိုင်ဝင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးရဲမြတ်သူနှင့်The Voice Weekly Journal မှ ဦးဇေယျသူတို့က ရန်ကုန်မြို့သစ် စီမံကိန်းနှင့်စပ်လျဉ်းပြီး ပါဝင်ဆွေးနွေး ကြသည်။
The Voice Weekly Journal မှ ဦးဇေယျသူက ''ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ပတ်သက်ပြီး ဝိုင်းပြီးဆွေးနွေးကြ တာပါ၊ ကျွန်တော်က မီဒီယာအနေနဲ့ရော၊ စီးပွားရေး သုံးသပ်သူအနေနဲ့ရော ပြည်သူ့ကိုယ်စား မေးပေးတာပါ၊ စီမံကိန်းက အကြီးကြီးပဲ၊ မြန်မာပြည်ကို ပြောင်းသွားစေမယ့် စီမံကိန်းဖြစ်ပါတယ်၊ တိတိကျကျ စီမံချက်နဲ့ဘာနဲ့ ပြည်သူ ကို သေချာရှင်းပြပြီးတော့ လုပ်ရမယ်၊ လုပ်ရင်လည်း အောင်မြင်အောင်လုပ်ဖို့ လိုပါတယ်''ဟု ပြောသည်။
ဆက်လက်၍ ၄င်းက ''ဒီနေ့ဆွေးနွေးပွဲက ပွင့်လင်းမြင် သာမှုရှိတယ်၊ တချို့မသိတဲ့အချက်တွေကိုလည်း မစ္စတာSerge Pun က ဖြေသွားတာရှိတယ်၊ ကျွန်တော်တို့ဆိုလည်း သိချင်တာအကုန်မေးတယ်၊ ဖြေသင့်တာတွေဖြေတယ်၊ တချို့ဟာတွေဆို ဒီရောက်မှသိရတယ်၊ ပွင့်လင်းမြင်သာမှု ရှိပါတယ်''ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူSandhi Governance Institute မှ ဦးခိုင်ဝင်းက ''ရန်ကုန် မြို့သစ် စီမံကိန်းနဲ့ပတ်သက်လို့ ဘယ်လိုစီမံဆောင်ရွက်ထား လဲ၊ ဒီစီမံကိန်းက ပြည်သူတွေကို ထိခိုက်နိုင်လား၊ နိုင်ငံတော် အနေနဲ့ ထိခိုက်နိုင်လားဆိုတာ အဓိက ဆွေးနွေးဖြစ် ပါတယ်၊ ဆွေးနွေးပွဲမှာ အစိုးရက စီးပွားရေး လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာနဲ့ပတ်သက်လို့ စီးပွားရေးမူဝါဒ ၁၂ ချက်တွင် နံပါတ် ၂ မှာရေးထားတာက ဈေးကွက်စီးပွားရေး ကို ဦးတည်နေတယ်၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း တွေတောင်မှ ပြောင်းလဲဖို့လုပ်နေတာ၊ အဲဒီအချိန်မှာ ဒီလိုလုပ်တာ ဖြစ်ရဲ့လားဆိုတာ မေးခွန်းထုတ်ခဲ့တယ်၊ အစိုးရပိုင် စီးပွားရေးလုပ်မယ်ဆိုရင် သတိထားဖို့တော့ ဆွေးနွေးခဲ့တယ်၊ စီမံကိန်းက အလုပ်အကိုင် နှစ်သန်း ဖန်တီးပေးမယ်ဆိုတာ အင်မတန်ကြီးတဲ့စီမံကိန်းကြီးဆို တော့ ချက်ချင်းလက်ငင်းကြီး ပေါ်လာဦးမှာမဟုတ်ဘူး၊ အခုဟာက ဒီဇိုင်းအဆင့်လောက်ပဲ၊ ဒီဇိုင်းတောင် ဆွဲတုန်း ရှိသေးတယ်၊ အချိန်ကာလကတော့ ဖြတ်သန်းရဦးမယ်'' ဟု ပြောသည်။
ယနေ့ဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ပြီး ရန်ကုန်မြို့ သစ် စီမံကိန်းနှင့်စပ်လျဉ်းသည့် သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြသည်။
ရန်ကုန်မြို့သစ် စီမံကိန်းတွင်ပါဝင်သည့် အနောက် တောင်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြစ် အနောက်ဘက်၊ ပန်းလှိုင်မြစ်တောင်ဘက်နှင့် မြစ်ဝအထိတည်ရှိကြောင်း ပထမဆုံး အကောင်အထည်ဖော်မည့် အပိုင်း(၁)သည် ဧကနှစ်သောင်းရှိပြီး မြောက်ဘက်တွင် ပန်းလှိုင်မြစ်၊ တောင်ဘက်တွင် တွံတေးတူးမြောင်း၊ အရှေ့ဘက်တွင် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် ရန်ကုန်-တွံတေးလမ်းမ ရှိကြောင်း၊ အပိုင်း(၂)သည် ပန်းလှိုင်မြစ် တောင်ဘက်မှ စတင်ပြီး မြစ်ဝအထိရှိကြောင်း ယနေ့အခမ်းအနားမှ သိရသည်။
မင်းသစ်(MNA)

No comments:

Post a Comment