
မနက်ဘက်လမ်းလျှောက်ရင်း ပုဇွန်တောင်ဈေးဘက်လှည့်ဝင်ဖြစ်တော့ လယ်ပုစွန်လုံးတွေပုံရောင်းနေတဲ့ တော ဈေးသည်လေးတစ်သည်ကို တွေ့ရပါတယ်။ ပုစွန်လုံးတွေက လှော်ထားတာကြောင့် အရောင်ရဲရဲဝါဝါလေးဖြစ်လို့မို့ ဝယ်ချင်စိတ်ပေါ်လာတာကြောင့် မေးကြည့်တော့ ခရမ်းသုံးခွဘက်က လာရောင်းကြတာပါတဲ့။ ငယ်ငယ်ကတော့ မိုးတွင်းဘက် ခရမ်းက အမျိုးတွေဆီ အလည်သွားရင် လယ်ပုစွန်လုံးအဆီချက်နဲ့ ကန်စွန်းရွက်လယ်တောဟင်း အမြဲလိုလိုစားရတာကို သတိရသွားမိပါတယ်။
လယ်ပုစွန်လုံးလို့ခေါ်ပေမယ့် တကယ်တော့ ရေချိုဂဏန်းတစ်မျိုးပါ။ လယ်ကန်သင်းတွေမှာ ကျင်းတူးပြီးနေတဲ့ အလေ့အထရှိပြီး တူးလို့ထွက်လာတဲ့ မြေသားကျစ်စာခဲတွေကို ကျင်းဝမှာ မီးခိုးခေါင်းတိုင်လို လုံးရှည်ရှည်ကလေးပုံထား တာမို့ ကျစ်စာခဲပုံမြင်လိုက်တာနဲ့ ဒါဂဏန်းကျင်းပဲရယ်လို့ တန်းပြီးသိပါတယ်။ လယ်ပုစွန်လုံးအကြီးဆုံးက ဂုံညင်ဒိုးပြား အရွယ် မရှိတရှိဖြစ်လို့ ကျင်းတွေ့တယ်ဆိုရင်ပဲ လက်ဖျားမှာကောက်ရိုးပတ် ကျင်းထဲလက်တစ်ဆုံးနှိုက်ဖမ်းကြတာ ပါ။ ကောက်ရိုးပတ်ရခြင်းက ကျင်းထဲဝင်လာတဲ့လက်ကို ပုစွန်လုံး က လက်မနဲ့ ဖမ်းညှပ်တတ်လို့ပါ။
လယ်ပုစွန်လုံးတွေကို ပျိုးနုတ်ကောက်စိုက်ချိန် မိုးကာလမှာ လှိုင်လှိုင်ရပါတယ်။ စပါးစိုက်တဲ့ လယ်ကန်းသင်းတွေမှာ ကဏန်းကျင်းတွေ အစီအရီရှိတတ်တာပါ။ လယ်တောနဲ့တစ်ဆက် တည်းရှိတဲ့ ချောင်းစပ်၊ မြောင်းစပ်နဲ့ အိုင်ငယ် တွေမှာ အရိုးနီနီနဲ့ လယ်ကန်စွန်းတွေကအလေ့ကျပေါက်နေတာပါ။ မိုးကျလို့ ရွာကထွက်ပြီး လယ်ထဲမှာ တဲထိုးနေကြ သူတွေက တတန်တက ဈေးရယ်လို့ မသွားနိုင်ကြပါဘူး။ အနီးအနားမှာရှိတဲ့ သဘာဝအသီးအရွက်တွေနဲ့ ငါး၊ ဖား၊ ပုစွန်လေးတွေကိုပဲ ဟင်းစားအဖြစ် ရှာဖွေစားကြရတာပါ။
ခုခေတ်မြို့ကကလေးတွေ အများစု ကတော့ လယ်ပုစွန်လုံးဆိုတာ ပုစွန်လား၊ ကဏန်းလားရယ်လို့ ကွဲကွဲပြားပြားသိကြမယ် တောင် မထင်ပါဘူး။ ကျောင်းပိတ်ရက်တွေမှာ နယ်ဘက်က ဆွေတွေမျိုးတွေ၊ ဘိုးဘွားတွေဆီ အလယ်သွားနိုင်ဖို့ဝေးစွ။ သူတို့ကျူရှင်တွေ၊ ဝိုင်း တွေ၊ ဂိမ်းတွေနဲ့တောင် အားလပ်ချိန်ကအနိုင်နိုင်ပါ။ ဒါကြောင့်လည်း ဆွေမျိုးသားချင်း၊ ဒွေးတော်မိကြီးရယ် လို့ ထားရှိရမယ့် ဆွေစိတ်မျိုးစိတ်တွေလည်း ခေါင်းပါးကုန်ကြတာထင်ပါရဲ့။
ဈေးမှာ ရှားရှားပါးပါးတွေ့လာတဲ့ လယ်ပုစွန်လုံးတွေဝယ်ရင်းနဲ့ လယ်ကန်စွန်းအရိုးနီကလေးတွေကိုပါ တစ်ဆက် တည်း ဝယ်လာခဲ့ပါတယ်။ ငယ်ငယ်က ထမင်းမြိန်ခဲ့တဲ့ လယ်ပုစွန်လုံးအဆီချက်နဲ့ ကန်စွန်းရွက်လယ်တောဟင်းအရသာ ကို ပြန်ရချင်လို့ပါ။ ပုစွန်လုံးအဆီချက်ဖို့အတွက် ဈေးကဝယ်လာတဲ့ လှော်ပြီးသားပုစွန်လုံးတွေကို ရေပြန်ဆေးပါတယ်။ ရင်ဘတ်က အဖတ်လေးကိုခွာလိုက်ရင် အောက်မှာပေါ်လာတဲ့ဆက်ကြောင်းကနေ ကျောခွံနဲ့ ရင်ပုံကို ဆွဲခွာလိုက်ရင် ကျောခွံနဲ့ ရင်ပိုင်း နှစ်ခြမ်းကွဲသွားပါတယ်။
ပုစွန်လုံးရဲ့ကျောခွံထဲမှာကပ်နေတဲ့ အဝါရောင်အဆီဥတွေကို ဇွန်းလေးနဲ့အသာကော်ယူပြီး ပုစွန်ဆီချက်ရတာပါ။ ပုစွန်လုံးကလှော်ပြီးသားမို့ အဆီဥက ခဲနေပါတယ်။ အစိမ်းအတိုင်းဆိုရင်တော့ အဆီချက်ရတာ ပိုကောင်းပါတယ်။ ပန်းကန်ထဲမှာစုထားတဲ့အဆီတွေကို ဒယ်အိုးထဲမှာ ခေါ်ဆီကလေးနည်းနည်းနဲ့ ဆားလေးဖြူးပြီး ဆီပြန်အောင် ချက်လိုက်ရုံပါပဲ။ ပုစွန်လုံးအဆီရဲ့ သဘာဝအရောင် အဆီဥဝါဝါကလေးတွေနဲ့ မွှေးပျံ့တဲ့ပုစွန်လုံးအဆီချက်ရပါပြီ။
လယ်ကန်စွန်းချဉ်ရည်ချက်ဖို့ ကန်စွန်းအရိုးနီကလေးတွေကို ရေစင်စင်ဆေး၊ အိုးထဲကို ငရုတ်၊ ကြက်သွန်နီ ထောင်းပြီးသားအရောနဲ့အတူ ထည့်ပြီး ဆီပါလေကာနဲ့ လုံးချက်ပါမယ်။ ဟင်းခတ်အဖြစ် ပုစွန်လုံးရင်ခွံပိုင်းကို သန့်စင်ပြီး ဓားပြားရိုက်ထည့်ကာ ဖိုပေါ်တင်ပါ။ ဆား၊ နနွင်း၊ ငံပြာရည်သင့်ရုံထည့်ပါ။ အိုးထဲက ဟင်းရွက်တွေ နွမ်းလောက်တဲ့အခါ အထက်အောက်နှံ့အောင်မွှေပြီး အသင့် ဖျော်ထားတဲ့ မန်ကျည်းရေကျဲကျဲကို ဟင်းရွက်တွေမြုပ်တဲ့ အထိ များများထည့်ပါ။ အိုးပွက်ပွက်ဆူလာပြီး ချဉ်ရည်ဟင်းနံ့လေးကြိုင်လာတဲ့အခါ ဖိုမှချပြီး အသင့်စားသုံးနိုင်ပါပြီ။
ပုစွန်လုံးအဆီချက်ကို ထမင်းနဲ့ နယ်လိုက်တဲ့အခါ ဈေးကြီးပေးဝယ်ရတဲ့ ပုစွန်တုပ်ဆီနဲ့မခြားတဲ့ အနံ့အရသာ ရှိတာပါ။ ကန်စွန်းရွက်လယ်တောချက် ပူပူလောလောနဲ့ ငပိရည်၊ အတို့အမြှုပ် စုံလင်လှတဲ့ လယ်တောထမင်းဝိုင်းဟာ ချွေတာရေးလည်းကျ၊ ကျန်းမာရေးနဲ့ လည်း ညီလှတာမို့ တောသူ တောင်သား များဟာ ကျန်းမာရေးအထူးကောင်း ကြတာလို့ စဉ်းစားမိပါတယ်။ ဥတု ဘောဇနဆေးကျမ်း အလိုအရလည်း ''ပုစွန်လုံးသည် လေ သည်းခြေကို နိုင်၏။ ဓာတ်ခုနစ်ပါးကို ပွားများစေ၏။ ဆီးဝမ်း ရွှင်စေ၏။ ကန်စွန်းရွက်သည် ချို၏။ နို့ရည်၊ သုက်တို့ကို ပွားများစေတတ်၏''ဟူ၍ အကျိုး ဂုဏ်များ ပါရှိကြောင်း။
စံလွင် (ငါးဦးစီး)
No comments:
Post a Comment