Saturday, June 2, 2018

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံမှ အမှောင်ခွင်း၍ အလင်းဆောင်သူများ

Image may contain: 2 people, people sitting
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ သီတဂူစက္ခုဒါနအခမဲ့မျက်စိကုဆေးရုံမှ (၄၁)ကြိမ် မြောက်အဖြစ် မေ ၂၂ ရက်မှ ၂၆ ရက်အထိ မျက်စိဝေဒနာရှင် ၁ဝ၆ဝ ကို စမ်းသပ်စစ်ဆေးပြီး ၃ဝ၉ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့ရှိ သီတဂူစက္ခုဒါနမျက်စိကုဆေးရုံသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် အခမဲ့မျက်စိကုဆေးရုံဖြစ်သည်။ စစ်ကိုင်းသီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ စီမံညွှန်ပြမှုနှင့် ကမကထပြုမှုတို့ဖြင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ ၂ဝဝ၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
၂ဝဝ၈ ခုနှစ် မတ် ၂၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ စတင်ဖွင့်လှစ်ပြီးနောက် သုံးလ လျှင် တစ်ကြိမ် ဒေသခံမျက်စိဝေဒနာရှင် တိုင်းရင်းသားများကို လက်ခံကုသပေးခဲ့သည်။တစ်ဆက်တည်းမှာပင် လူမျိုးဘာသာမရွေး၊ နေရပ်ဒေသမခွဲခြားဘဲ မျက်စိဝေဒနာရှင်များကိုပါ လက်ခံ၍ အခမဲ့စမ်းသပ်ကုသပေးလာခဲ့ကြသည်။
စတင်ကုသပေးခဲ့သည့် ၂ဝဝ၈ ခုနှစ် မတ် ၂၂ ရက် ပထမအကြိမ်မှသည် ၂ဝ၁၈ ခုနှစ် မေ ၂၆ ရက် (၄၁) ကြိမ်မြောက်အထိ ၁ဝ နှစ်တာအတွင်း မျက်စိဝေဒနာရှင်ပေါင်း ၂၃၈၂၁ ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ၄၈၉၈ ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ မျက်စိဝေဒနာရှင်များ ကို သီတဂူဆရာတော်ကြီး၏အစီအမံဖြင့် နိုင်ငံခြားသားမျက်စိကုပါရဂူကြီးများအပါအဝင် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ပြင်ဦးလွင်တို့မှ မျက်စိအထူးကုဆရာဝန်များက လာရောက် ကုသပေးခဲ့ကြသည်။ လွန်ခဲ့သော ၁၉၃၇ ခုနှစ် က သီပေါမြို့သို့ရောက်ရှိပြီး ကမ္ဗောဇသို့ ... ကဗျာကိုရေးဖွဲ့ခဲ့သော အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ သမီးဖြစ်သူ အမျိုးသမီး မျက်စိအထူးကုဆရာဝန်တစ်ဦးပင် ပါဝင် ကုသပေးခဲ့သေးသည်။ ကဗျာအလင်း စာအလင်းနှင့် စက္ခုအလင်းတို့ကို ထွန်းညှိ ပေးခဲ့ကြခြင်းဖြစ်၏။
သီပေါသီတဂူစက္ခုဒါနမျက်စိကုလုပ်ငန်း စဉ်အတွက် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး တိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိက ဦးဆောင်၍ အကျိုးဆောင်အဖွဲ့က စီမံ ကြီးကြပ်ပေးကြသည်။ မြို့ခံဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင်များ၊ တိုင်းရင်းသား လူငယ်မောင်မယ်လေးများနှင့် ပရဟိတအသင်းတို့က တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ရောက်ရှိလာသော ရပ်ဝေးနှင့် တောင်ပေါ်နေ ရှမ်း၊ ပလောင်၊ လီရှော၊ ကချင် စသည့် တိုင်းရင်းသားမျက်စိဝေဒနာရှင်များကို မဟာ မြတ်မုနိဘုရားကြီး တန်ဆောင်း၌ နေချထား ပေးပြီး ဆန်ပြုတ်အာဟာရများကို ကျွေးမွေးကုသိုလ်ပြုပေးခဲ့ကြသည်။ မျက်စိ ကုသမည့်အစီအစဉ်များကိုလည်း တစ်လခန့် ကြိုတင်အသိပေးကြေညာခဲ့သည်။ မြို့ခံ မီဒီယာများကလည်း သတင်းကွန်ရက် အသီးသီးမှနေ၍ နှိုးဆော်အသိပေးကူညီခဲ့ ကြသည်။
လာရောက်ပြသသည့် မျက်စိဝေဒနာရှင် များကို မျက်စိကုဆရာဝန်များက စမ်းသပ် စစ်ဆေးပြီး လိုအပ်သလို ကုသပေးကြသည်။မျက်မှန်လိုအပ်သူကိုလည်း မျက်မှန်ပါဝါ စမ်းသပ်၍ မျက်မှန်ပြုလုပ်ပေးသည်။ မျက်စိ ခွဲစိတ်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတက်စေ၍ ခွဲစိတ်ကုသပေးခဲ့ကြသည်။မျက်စိခွဲစိတ်ရသော လူနာများကို ဆေးရုံမှာ ပင်ထား၍ ဆက်လက်ဆေးကုသပေးခဲ့ကြ သည်။ အပြန်ခရီးတွင် အခက်အခဲရှိသော တောင်ပေါ်နှင့် ကျေးလက်နေတိုင်းရင်းသားများကိုလည်း သီပေါနယ်စည်းမခြားပရဟိတအသင်းနှင့် လူမှုကူညီရေးအဖွဲ့တို့က မော်တော်ယာဉ်ဖြင့် နေရပ်အရောက် လိုက်လံ ပို့ဆောင်ကူညီပေးကြသည်။ မျက်စိဝေဒနာရှင် များကို လူမျိုးဘာသာ အဆင့်အတန်းမခွဲခြားဘဲ မေတ္တာဖြင့် ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။အလင်းပျောက်၍ အမှောင်ဖုံးနေသူများ အတွက် အမှောင်ခွင်းပြီး အလင်းဆောင်ပေး ကြခြင်းဖြစ်သည်။
''သီပေါသီတဂူ စက္ခုဒါနမျက်စိအခမဲ့ ကုသရေးလုပ်ငန်းအတွက် ရပ်နီးရပ်ဝေးက စေတနာရှင်တွေ၊ ငွေကြေးအလှူရှင်တွေ၊ ဥာဏအလှူရှင်၊ လုပ်အားအလှူရှင်တွေ ဝိုင်းဝန်းကူညီပေးခဲ့ကြလို့ ခုလို ၁ဝ နှစ်ကျော် ကာလ (၄၁) ကြိမ်မြောက်အထိ ရပ်တည် ဆောက်ရွက်နိုင်ခဲ့တာပါ၊ သီတဂူဆရာတော် ကြီးရဲ့ ရည်ရွယ်ချက်အတိုင်း လူမျိုးဘာသာ မရွေး၊ တောင်ပေါ်မြေပြန့် နေရာဒေသမခွဲခြား ဘဲ မျက်စိဝေဒနာရှင်များကို လက်ခံပြီး အခမဲ့ စမ်းသပ်ကုသပေးလာခဲ့ခြင်း ဖြစ်ပါတယ်၊ ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့အတွက်လည်း ရပ်နီးရပ်ဝေး စေတနာရှင်တွေက အလင်းဒါန ပြုပေးနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်''ဟု ဆေးရုံ ကြီးကြပ်ရေးအဖွဲ့ နာယကဆရာတော် ဘဒ္ဒန္တပညာသီရိက မြွက်ကြားတော်မူ သည်။
သီပေါကိုလတ်

No comments:

Post a Comment