Wednesday, May 2, 2018

Image may contain: house, sky and outdoor
ဘားအံ မေ ၁
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
လှိုင်းဘွဲ့မြို့နယ်အတွင်း ရေခက်ခဲသော ကျေးရွာများတွင် တွင်းနက်တူးဖော်ခြင်း ခြောက်တွင်း၊ မြေသားရေကန်တစ်ခု၊ အမြင့် တင်ရေကန်နှစ်ခု၊ လက်တူးတွင်း သုံးတွင်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၁၅၃ ဒသမ ၄၃၃ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ကာလအတွင်း အင်းနို့သိပ္ပံကျေးရွာ၊ အောက်ရေပူကျေးရွာ၊ ဝါးခုတ်တောကျေးရွာ၊ နောင်ဘုကြီးကျေးရွာ၊ ရွာကိုင်းကောင်းကျေးရွာ၊ ချမ်းသာကျေးရွာများ အပါအဝင် ကျေးရွာ ၁ဝ ရွာတွင် လက်တူးတွင်း ငါးတွင်း၊ တွင်းတိမ် ငါးတွင်းကို ဧပြီလတတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ပြီးစီးမှုအပေါ် ကျေးရွာနေပြည်သူများ အသုံးပြုနိုင်မှုအခြေအနေ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရေရှည်အကျိုးရှိနိုင်ရေးအတွက် လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် တာဝန်ရှိသူ များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
နေမျိုးလွင်(ဘားအံ)

No comments:

Post a Comment