Wednesday, May 2, 2018

ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

Image may contain: one or more people and outdoor
ငွေဆောင် မေ ၁
၂ဝ၁၈ ခုနှစ် ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ပုလဲငွေဆောင် ဟိုတယ်၌ကျင်းပရာ လူရည်ချွန်မောင်မယ်များက ဘက်စုံ ထူးချွန်လူရည်မွန်တေးသီချင်းဖြင့်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ ဘက်စုံ ထူးချွန်သည့် လူရည်ချွန်လူငယ်မောင်မယ်များကို စိစစ် ရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များကို ဆောင်ရွက် လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေ ဖြင့် ငွေဆောင်အပန်းဖြေစခန်း၌ ရောက်ရှိနေချိန်တွင် ကျန်းမာရွှင်လန်းစွာ အပန်းဖြေနိုင်ကြပြီး ဒေသန္တရ ဗဟုသုတများရရှိကြကာ ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ၍ နိုင်ငံတော်အကျိုးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ကြသူ များဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသားများ အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူ များက လူရည်ချွန်ကျောင်းသူများအား လည်းကောင်း လူရည်ချွန်တံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ထံ ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်း စခန်းမှူး ဒေါ်မြင့်မြင့်သန်းက စခန်းဖွင့်ပွဲ မော်ကွန်းတံဆိပ်နှင့် လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့မှ တာဝန်ရှိသူများက အမှတ်တရတံဆိပ်တို့ကို ပေးအပ်ကြသည်။
ယင်းနောက် လူရည်ချွန်မောင်မယ်များကိုယ်စား သုံးထပ်ကွမ်းလူရည်ချွန် ကျောင်းသူ မပန်းဖြူဖြူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပုသိမ်မြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူ တစ်ဦးက ကျွန်တော့်ရည်မှန်းချက် တေးသီချင်းဖြင့်လည်းကောင်း၊ ပညာ အလင်္ကာတေးဂီတအဖွဲ့မှ ဧရာဝတီရဲ့အလှ တေးသီချင်းဖြင့် လည်းကောင်း၊ လူရည်ချွန်မောင်မယ်များက စခန်းနွေမွန် လူရည်ချွန်တေးသီချင်းဖြင့် လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြ သည်။
ညနေပိုင်းတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ငွေဆောင် ကမ်းခြေတွင် ပျော်ရွှင်စွာရေကစားကြပြီး ညပိုင်းတွင် ပုသိမ်မြို့နှင့် ငွေဆောင်မြို့ ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ပညာအလင်္ကာ တေးဂီတအဖွဲ့မှ တေးသံရှင်များက အကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
မျိုးသူဟိန်း(သတင်းစဉ်)

No comments:

Post a Comment