Thursday, May 31, 2018

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် ကျင်းပ

Image may contain: 2 people, people smiling, people playing sports and outdoor
ရန်ကုန် မေ ၃ဝ
၂ဝ၁၈ ဘောလုံးရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (ပထမနေ့)ကို ယနေ့ ညနေ ပိုင်းက ကျင်းပရာ အောင်ဆန်းကွင်းတွင် မကွေးအသင်းက ဒဂုံအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
၂ဝ၁၇ ရှုံးထွက် ချန်ပီယံမကွေးအသင်းသည် ဂိုးပြတ် အနိုင်ရလဒ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွား သည်။ မကွေးအသင်းသည် အနိုင်ရခဲ့သော်လည်း ခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် ကစားပုံ သိသိသာသာ ဆိုးရွားခဲ့သည်။ ဒဂုံအသင်းမှာမူ ပထမတန်းအသင်းဖြစ် သည့်အပြင် ယခုပွဲတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသော ကြောင့် ခြေပြတ်၊ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။
မကွေးအသင်းသည် အမာခံကစားသမားအချို့ကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့သော်လည်း ကျော်ဇင်ဖြိုး(ဂိုး)၊ ကျော်စွာလင်း၊ မောင်မောင်စိုး၊ အောင်မြင့်ထွန်း စသည့် အတောင့်တင်းဆုံး လူစာရင်းဖြင့် ပွဲထွက်ခဲ့သည်။ မကွေး အသင်းသည် ဒဂုံအသင်းထက် အစစအရာရာ သာသော် လည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရသည်။ ဒဂုံ အသင်းမှာလည်း
မကွေးအသင်း ခြေစွမ်းပြနိုင်သည့် အပေါ် အခွင့်ကောင်းယူနိုင်ခြင်း မရှိ ခဲ့ပေ။ ဂိုးရရန် ရုန်းကန်နေရသည့် မကွေးအသင်းသည် ပထမပိုင်းပြီးခါနီး တွင် ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှ တစ်ဆင့် ကျော်စွာလင်းက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း တွင် ကစားပုံဆိုးရွားခဲ့သည့် မကွေး အသင်းသည် ဒုတိယပိုင်းတွင် ကစားပုံပြန်ကောင်းလာပြီး ဂိုးများ ဆက်တိုက်ရခဲ့သည်။ ဒုတိယပိုင်းအစ တွင် ဂိုးများဆက်တိုက်ရခဲ့၍ မကွေး အသင်း ပွဲကိုလိုသလိုထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။ မကွေးအသင်း အတွက် အနိုင်ဂိုးများကို မိနစ် ၅ဝ တွင် နိုင်နိုင်ကျော်၊ ၅၁၊ ၅၆ မိနစ် တွင် မောင်မောင်စိုး၊ ၈၂ မိနစ်တွင် ဇင်မင်းထွန်းတို့က သွင်းယူခဲ့ပြီး မောင်မောင်စိုးသွင်းယူသည့် တတိယ ဂိုးမှာ ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ ခြင်းဖြစ်သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသောပွဲတွင်GFA အသင်းက Southern အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။GFA အသင်းသည် မေ ၂၆ ရက်က အမှတ်ပေးပွဲတွင် ရှုံးခဲ့သည့် ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ဂိုးများကို ၅၁ မိနစ်တွင် စိုးမင်းထွန်း၊ ၆၂ မိနစ်တွင် မန်ထိပ်ပေါင်နှင့် ၈၇ မိနစ်တွင် ပြုံးချိုတို့က သွင်းယူခဲ့သည်။Southern အတွက် ဂိုးများကို ဖြိုးပိုင်စိုးနှင့် ဘယ်ရီက သွင်းယူခဲ့ သည်။ ပဒုမ္မာကွင်း၌ ကျင်းပသော ပွဲတွင် ဧရာဝတီအသင်းက ရွိုင်ရယ် သန်လျင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်း သည် ပထမတန်းကလပ် ရွိုင်ရယ် သန်လျင်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီး အနိုင်ဂိုးကို ၆၇ မိနစ်တွင် သီဟဇော် က သွင်းယူခဲ့သည်။
ဒုတိယအဆင့် (ဒုတိယနေ့)ကို ဇွန် ၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရတနာပုံနှင့် စစ်ကိုင်း၊ ဟံသာဝတီနှင့် ဇွဲကပင်၊ ရခိုင်နှင့် Mountain Lion အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ကွာတားပွဲအဖြစ် ဧရာဝတီ နှင့် မကွေး၊GFA နှင့် ရန်ကုန်အသင်း တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment