Wednesday, May 2, 2018

ရေသတ္တဝါများ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူ

Image may contain: outdoor
ဟိုင်းကြီးကျွန်း မေ ၁
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်တွင် မြို့ငါးလုပ်ငန်း ဦးစီးဌာနက ရေသတ္တဝါများဖမ်းဆီးခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆိုင်းဘုတ်များကို မြို့အဝင်အမှတ်(၁)ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဧပြီ ၂၉ ရက် နံနက်ပိုင်းက စိုက်ထူခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံရေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ သည်။
အသိပညာပေးဆိုင်းဘုတ်တွင် တားမြစ်ထားသော ရှားပါးရေသတ္တဝါများနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေစုဆောင်းခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း မပြုလုပ်ရန်၊ ပေါက်ကွဲပစ္စည်းများ၊ ရေနေသတ္တဝါများအား အန္တရာယ် ဖြစ်စေတတ်သော အဆိပ်အတောက်များ၊ ဓာတုပစ္စည်းများအသုံးပြု၍ ငါးဖမ်းဆီးခြင်း မပြုလုပ်ရန်၊ ဥနှင့် ငါးရစ်ကို မဖမ်းကြရန် ထည့်သွင်းဖော်ပြထားသည်။
ရေသယံဇာတများ မျိုးသုဉ်းမှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် တားမြစ်ငါးဖမ်းရာသီ၊ ငါးဖမ်းဧရိယာ သတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမင်းချွန်သူက ပြောသည်။
ထို့အပြင် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ ငါးဖမ်းဧရိယာများ သတ်မှတ် ခြင်းတို့ကို ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

No comments:

Post a Comment