Wednesday, May 2, 2018

ချင်းပြည်နယ် မြို့နယ်သုံးခု၌ အောက်ချင်းငှက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

No automatic alt text available.
မင်းတပ် မေ ၁
ချင်းပြည်နယ်တွင် နေထိုင်ကျက်စားသော ချင်းတိုင်းရင်းသားတို့၏ အမှတ်သင်္ကေတ အောက်ချင်းငှက်များ မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်၌သာ အများဆုံးမြင်တွေ့ရပြီး ယခင် ဆယ်စုနှစ်ကအထိ ချင်းတောင် ဒေသတွင် နေရာအနှံ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဒေသ သစ်တော၊ ဝါးတော များတွင် ကျက်စားနေထိုင်ကြသော်လည်း ယခုအခါ အောက်ချင်းငှက်ကောင်ရေ သိသိသာသာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး လျော့နည်းလာခဲ့ရာ အုပ်စုဖွဲ့ပျံသန်းနေထိုင် ကျက်စားမှုမှာလည်း ရှားပါးလာခြင်းကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ် တို့တွင် ထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
''အရင်က အောက်ချင်းငှက်တစ်အုပ် ဆို အကောင် ၂ဝ ကနေ ၃ဝ ပါတယ်၊ အခုဆို တစ်အုပ်စုဆို ခြောက်ကောင် လောက်ပဲ တွေ့ရတော့တယ်၊ အောက်ချင်း ငှက်တွေ ရှားပါးလာတာက သူတို့နေထိုင်တဲ့ တောတွေ ပြုန်းတီးကုန်တာရယ်၊ အောက်ချင်းငှက်တွေကို သတ်စားကြပြီး သူတို့အမြီးက အမွေးကို ရိုးရာပွဲတော် တွေမှာ ခေါင်းမှာ အလှဆင်ဖို့အတွက် သတ်ကြတာတွေကြောင့် ရှားပါးလာတာပါ'' ဟု မင်းတပ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောသည်။
ချင်းပြည်နယ်ရှိ အောက်ချင်းငှက်များ နှင့် တောင်ဇလပ်ပန်းများကို ထိန်းသိမ်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော ကြားထားသကဲ့သို့ ချင်းပြည်နယ်ရေးရာ ကော်မတီကလည်း အောက်ချင်းငှက်များ နေထိုင်ကျက်စားရာ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်များနှင့် တောင်ဇလပ်ပန်းများ ပွင့်ဖူးရာ မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို ထိန်းသိမ်းရန် နေရာများအဖြစ် သတ်မှတ်ကာ သားငှက် ထိန်းသိမ်းရေးအဖွဲ့က ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က အောက်ချင်းငှက်နှင့် ပတ်သက်၍ လေ့လာခဲ့ရာ အောက်ချင်းငှက်များ ယခင် ထက် ပိုမိုသိသာစွာ ရှားပါးလာခြင်းကြောင့် ၂ဝ၁၇ ခုနှစ် နှစ်လယ်မှစ၍ ထိန်းသိမ်း ဆောင်ရွက်နေကြောင်း ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောကြားသည်။
''ချင်းပြည်နယ်ရဲ့ အမှတ်သညာဟာ အောက်ချင်းငှက်ဖြစ်ပြီး ချင်းပြည်နယ်ရဲ့ သဘာဝအလှဟာ တောင်ဇလပ်နဲ့ ချယ်ရီ ပန်းဖြစ်တယ်၊ သစ်တောပြုန်းတီးမှုတွေ ကြောင့် အမှတ်သညာဖြစ်တဲ့ အောက်ချင်း ငှက်နဲ့ သဘာဝအလှကို ဖော်ကျူးတဲ့ တောင်ဇလပ်နဲ့ ချယ်ရီလည်း ပျောက်ကွယ် လုနီးဖြစ်နေပြီ၊ အဲဒီလိုမှ ပြန်မထိန်းသိမ်းရင် ချင်းပြည်နယ်အမှတ်တံဆိပ်ဖြစ်တဲ့ အောက် ချင်းငှက်တွေ ပျောက်ကွယ်သွားတော့မှာပါ'' ဟု ကနေဒီတောင်စိမ်းလန်းစိုပြည်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးငင့်ရှင်းခွါလ်(ခ)ဦးလှိုင်အောင် က ပြောသည်။
၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်များ တွင် ရှားပါးတိရစ္ဆာန်များကို ဖမ်းဆီး သတ်ဖြတ်ခြင်းမပြုလုပ်ရန် တားမြစ်ထားပြီး ဖမ်းဆီးသတ်ဖြတ်ပါက ထိရောက်စွာ အရေး ယူရန် မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များကို အကြောင်းကြားထားကာ သားငှက် ထိန်းသိမ်းရေးအဖွဲ့က ပြီးခဲ့သည့် နှစ်အတွင်း က ချင်းပြည်နယ်နေရာအချို့တွင် အောက် ချင်းငှက်ကို သတ်ဖြတ်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဟု ဆိုင်းဘုတ် များ စိုက်ထူလျက် အောက်ချင်းငှက် ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ အောက်ချင်းငှက်များသည် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် များတွင် ပါဝင်ပြီး အောက်ချင်းငှက်များကို ဖမ်းဆီးသတ်ဖြတ်ပါက သယံဇာတများ စီမံ အုပ်ချုပ်ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ၁၉၉၄ နှင့် တောရိုင်း တိရစ္ဆာန်၊ သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး နည်းဥပဒေ ၂ဝ၁၂ တို့ဖြင့် အရေးယူခံရ မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
ဇိုဟေဆာ

No comments:

Post a Comment