Sunday, May 27, 2018

မကွေးတိုင်းဒေသကြီး၌ လူထုအခြေပြုခရီးသွားလုပ်ငန်း ပထမဆုံး စတင် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားပြီး အောင်မြင်

Image may contain: 1 person, smiling, eating
မကွေး မေ ၂၆
ကျေးရွာလူထုပိုင် အသေးစားခရီးသွား လုပ်ငန်း၊ အသေးစား ဟိုတယ်မိုတယ်လုပ်ငန်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် Community Base Tourism လုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံ၌ ပထမဆုံး အဖြစ် မကွေးတိုင်းဒေသကြီးတွင် စတင်လုပ်ဆောင် ခဲ့ပြီးနောက်ပိုင်း အောင်မြင်မှုများရှိနေ၍ CBT ဒေသလေးခုအထိ ဆက်လက်တိုးတက်လာဖွယ်ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်စိန်ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စတင်လုပ်ဆောင် ခဲ့သည့် CBT ဒေသများမှာ မြိုင်မြို့နယ်မှ ကျေးရွာ လေးရွာနှင့် ချောက်မြို့နယ် မကျီးကန်ကျေးရွာ ဒေသတို့ဖြစ်ပြီး ထပ်မံလုပ်ဆောင်ရန်လျာထားသည့် ဒေသနှစ်ခုမှာ ဂန့်ဂေါမြို့နယ် ပုံတောင်-ပုံညာဒေသ နှင့် ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသတို့ဖြစ် ကြောင်း သိရသည်။
''လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံးလုပ်ခဲ့တာက မြိုင်ဒေသ က ရွာလေးရွာပါ၊ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ စပြီးဖွင့်ခဲ့တာဖြစ်ပါတယ်၊ အဲဒီဒေသက ပြီးခဲ့တဲ့နှစ် အာဆီယံ CBT Award ဆုကို ရခဲ့ပါ တယ်၊ ဒုတိယ CBTတစ်ခုကို ချောက်မြို့နယ် မကျီးကန်ကျေးရွာမှာAll Aisa Exclusive Travel Company ရဲ့ ကူညီပံ့ပိုးမှုနဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃ဝ ရက်က စဖွင့်ခဲ့ပါတယ်၊ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားပြီး ဒေသနှစ်ခု စလုံး အောင်မြင်နေပါတယ်''ဟု ဦးမြင့်စိန်က ရှင်းပြသည်။
မြိုင်(အင်းရောင်းကျေးရွာအုပ်စု) CBT သို့ ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၇၃၅ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ဦးရေ ၇၆ဝ၊ ၂ဝ၁၈ ခုနှစ် ပထမ လေးလအတွင်း ၁၉၃ ဦးဝင်ရောက်ခဲ့ပြီး နိုင်ငံခြားသားတစ်ဦးလျှင် ၅၅ ဒေါ်လာ ကောက်ခံခဲ့ကြောင်း၊ ချောက်မြို့နယ် မကျီးကန်ကျေးရွာCBT သို့ ၂ဝ၁၇ တွင် ကမ္ဘာလှည့်ခရီးသွား ၇၂ ဦး၊ ၂ဝ၁၈ ခုနှစ် ပထမလေးလအတွင်း ၁၇၆ ဦး ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၄ဝဝဝဝ ကောက်ခံခဲ့ကာ ဒေသအတွက် အထောက်အပံ့ဖြစ်ခဲ့ကြောင်း သိရသည်။
''ဌာနအနေနဲ့ နောက်ထပ်နှစ်နေရာလုပ်ဖို့ ရှိပါတယ်၊ တစ်နေရာက ပုံတောင်-ပုံညာ ဂန့်ဂေါဒေသ ထီးလင်းမြို့ နယ်အထက် သုံးမိုင်လောက်ဝေးတဲ့ ထန်းပင်ကုန်းရွာဖြစ်ပါတယ်၊ တောင်သားလူမျိုး အဆက်အနွှယ်တွေရှိပါတယ်၊ လူမျိုးကလည်း ထူးခြားတယ်၊ တောတောင်ရေမြေအနေအထားကလည်း Tourism စိတ်ဝင်စားနိုင်တယ်၊ CBT လုပ်မယ့် ကျေးရွာမှာ အိမ်ခြေ ၁၂ဝ ပဲ ရှိပေမယ့် ရက်ကန်းစင်က ၇ဝ ကျော်ရှိပါတယ်၊ ကျေးလက်ဒေသ မြန်မာ့ ရိုးရာနဲ့ တောတောင်ရေမြေသဘာဝကို ပြနိုင်ပါမယ်၊ တမူး-ကလေး-ဂန့်ဂေါ လမ်းကနေ ဆင်းလာတဲ့ခရီးသည်တွေ တစ်ထောက်နားဖို့ရာ အဆင်ပြေပါတယ်၊ နောက်တစ်ခုက တိုင်းဒေသကြီးရဲ့ ထူးခြားတဲ့နေရာဒေသတစ်ခုဖြစ်တဲ့ ငဖဲမြို့နယ် နတ်ရေကန်တောင် ဖြစ်ပါတယ်၊ အဲဒီဒေသမှာ အရှို ချင်းလူမျိုးတွေ ရှိပါတယ်၊ ရာသီဥတုကလည်း တောင် ပေါ် ပြင်ဦးလွင်ဒေသလို ရာသီဥတုမျိုး၊ ထူးခြားချက်က မြေဆီ၊ မြေသြဇာ မသုံးဘဲစိုက်တဲ့ သရက်၊ သံပရာ၊ ငှက် ပျော၊ ငရုတ်ကောင်းအားလုံး Organic တွေချည်းပါ၊ ကမ္ဘောဒီးယားတို့၊ လာအိုတို့မှာ အောင်မြင်နေတာကOrganic Farming အခြေခံတဲ့ ခရီးသွားလုပ်ငန်းဖြစ်လို့ ဒီနေရာကို လည်း လုပ်ဖို့တင်ပြထားပါတယ်''ဟု ဦးမြင့်စိန်က ပြောသည်။
မြိုင် CBT မှ ကောက်ခံသည့် ၅၅ ဒေါ်လာတွင် ဒေသခံကျေးရွာ၏ (လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ)ကျေးရွာ ရန်ပုံငွေအတွက် ၁ဝ ဒေါ်လာ၊ တည်းခိုနေထိုင်ခ ၁ဝ ဒေါ်လာ၊ နံနက်စာ သုံးဒေါ်လာ၊ နေ့လယ်စာ ငါးဒေါ်လာ၊ ညစာ ငါးဒေါ်လာ၊ စက်ဘီးငှားခ လေးဒေါ်လာ၊Local Guide သုံးဒေါ်လာ၊ ညပိုင်းဧည့်ခံအက ၁ဝ ဒေါ်လာ၊ သစ်ပင်စိုက် ငါးဒေါ်လာဟူ၍ ခွဲဝေသုံးစွဲ ကြောင်း၊ ချောက်မြို့ မကျီးကန် CBT မှ ကောက်ခံသည့် ငွေကျပ် ၄ဝဝဝဝ တွင် ကျေးရွာရန်ပုံငွေကျပ် ၁ဝဝဝဝ၊ တည်းခိုနေထိုင်ခ ငွေကျပ် ၁ဝဝဝဝ၊ နံနက်စာ ငွေကျပ် ၅ဝဝဝ၊ နေ့လယ်စာ ငွေကျပ် ၅ဝဝဝ၊ ညစာ ငွေကျပ် ၅ဝဝဝ၊ Local Guide အတွက် ငွေကျပ် ၅ဝဝဝ ဟူ၍ ခွဲဝေသုံးစွဲကြောင်း မှတ်တမ်း များအရ သိရသည်။
''ပုံတောင်-ပုံညာဒေသ ထန်းပင်ကုန်းရွာမှာ ကျေးရွာ CBT ကော်မတီ ဖွဲ့ပြီးပါပြီ၊ မြို့နယ်အုပ်ချုပ်ရေး၊ မြေစာရင်း၊ သစ်တော၊ တိုင်းဒေသကြီး ကိုယ်စားလှယ်များနဲ့ကွင်းဆင်းပြီး မြေနေရာတွေသတ်မှတ်ပြီးပါပြီ၊ မြေယာ ပိုင်ဆိုင်မှုအတွက်လည်း ဗဟိုမြေလွတ်မြေရိုင်းထိတင်ပြပြီး ပြန်ကျလာတဲ့အတွက် ထပ်ပြီး အသေးစိတ်တိုင်းပြီးဖြစ်ပါတယ်၊ အတည်ပြုချက်ရပြီဆိုရင် အဆောက် အအုံလှူမယ့် အလှူရှင်ရှိပါတယ်၊ စဆောက်ပြီးတော့ ပြီးမယ့်ခန့်မှန်းခြေကို မှန်းပြီး တိုင်းဒေသကြီးရဲ့ တတိယမြောက် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဖွင့်ခွင့်ပေးပါဆိုပြီးတော့ တင်ပြဖို့ရာရှိပါတယ်၊ ဒီဇင်ဘာမတိုင်မီဖြစ်မယ်လို့ ခန့်မှန်းပါတယ်''ဟု တတိယမြောက်ဒေသဖြစ်လာမည့် CBTအခြေအနေနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က ရှင်းပြသည်။
လာအိုနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသအားOrganic Farming ဖြစ်နိုင်ခြေ ရှိ၊ မရှိကို စိုက်ပျိုးရေး၊ မြေစာရင်း၊ FDA၊ သစ်တောဌာနများ စုပေါင်းပြီး Result တစ်ခုလုပ်ပေးပါရန်နှင့် ဟိုတယ်၊ မိုတယ်များ ဆောက်စရာမလိုဘဲ ကျေးရွာ ပိုင် Guest House များဆောက်ကာ မြိုင်နှင့် မကျီးကန်တို့ကဲ့သို့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်လိုကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တိုင်းဒေသကြီး အစိုးရထံတင်ပြထားသည်ဟု သိရသည်။
Community Base Tourismလုပ်ဆောင်မည့်ဒေသများတွင် ကျေးရွာ CBT ကော်မတီကို သီးသန့်ဖွဲ့စည်းရပြီး ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပြင်ပ ပုဂ္ဂိုလ်များ ပါဝင်ခွင့်မရှိဘဲ ဒေသခံအခြေပြုနေသူများက ဦးဆောင်ရမည်ဖြစ်ကာ ဒေသအကျိုးအတွက် ၄င်းတို့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment