Tuesday, April 3, 2018

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှ နေအိမ်တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ပြီ

Image may contain: sky, house and outdoor
ရန်ကုန် ဧပြီ ၂
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်)မှ နေအိမ်တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
တန်ဖိုးငွေကျပ်ဘီလီယံ ၃ဝ ခန့်ကုန်ကျခံ ဆောက်လုပ် ထားသည့် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှာ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ပထမအဆင့်)အနီး၌ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ဆုံရာနေရာ၌ တည်ရှိသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယ အဆင့်)၌ နေအိမ်တိုက်ခန်း စတုရန်းပေ ၉၂၇ ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက်အဆောက်အအုံ ၁၉ လုံးနှင့် နေအိမ်တိုက်ခန်းစတုရန်းပေ ၆၁၄ ပေ အကျယ်အဝန်းရှိ အထပ်မြင့်ရှစ်ထပ်တိုက်အဆောက်အအုံ ရှစ်လုံးတို့ကို ဆောက်လုပ်ထားကာ စုစုပေါင်းအဆောက် အအုံ၂၇ လုံး ဆောက်လုပ်ထားကြောင်းနှင့် အိမ်ခန်းပေါင်း ၈၆၄ ခန်း ပါဝင်ဆောက်လုပ်ထားကြောင်း သိရသည်။
ယခုအခါ အဆိုပါစီမံကိန်းမှမဲဖောက်ရောင်းချပေးထားသော နေအိမ်တိုက်ခန်း ဝယ်ယူလိုသည့် လျှောက်လွှာပေါင်း ၅ဝဝဝ ကျော် လက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါနေအိမ်တိုက်ခန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ နှစ်လ တာကာလအတွင်း ပထမအရစ် ငွေပေးသွင်းရန် သတ်မှတ် ခဲ့ရာ နေအိမ်တိုက်ခန်းပေါင်း ၄၅၂ ခန်းသာငွေပေးသွင်းခဲ့ ကြောင်းသိရသည်။ ကျန်ရှိ နေအိမ်တိုက်ခန်း ၄၁၂ ခန်းမှာ မဲစနစ်ဖြင့် လျှောက်ထားခဲ့ကြသော်လည်း လက်ရှိလာ ရောက် ငွေပေးသွင်းခြင်းမရှိသောကြောင့် ဝယ်ယူခွင့်ရရှိသူ စာရင်းမှ တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်ပြီး အဆိုပါနေအိမ် တိုက်ခန်းများကို မတ် ၂၈ ရက်မှစတင်၍ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အသိပေးကြေညာထားကြောင်းသိရ သည်။
အဆိုပါ နေအိမ်တိုက်ခန်းများ၏ ရောင်းဈေးအနေ ဖြင့် စတုရန်းပေ ၆၁၄ ပေ အကျယ်အဝန်းရှိ အခန်းကို ငွေကျပ် ၂၈၅ သိန်းဖြင့်လည်းကောင်း၊ စတုရန်းပေ ၉၂၇ ပေ အကျယ်အဝန်းရှိ အခန်းကို ငွေကျပ် ၃၇၇ သိန်းဖြင့် လည်းကောင်း စီစဉ်ရောင်းချပေးထားပြီး အခန်းဝယ်ယူ မည့်သူများသည် အခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကိုငွေပေး သွင်းကာ ကျန်ငွေကိုအရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင် ရန်စီစဉ်သတ်မှတ်ထားကြောင်း၊ ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ အခန်းတန်ဖိုးအတွက် ၁ဝ နှစ်အရစ်ကျ ဝယ်ယူနိုင်ကြောင်းသိရသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယ အဆင့်)မှ နေအိမ်တိုက်ခန်းများကို ဝယ်ယူနေထိုင်ကြသော ပြည်သူများအနေဖြင့် ခေတ်မီစွာ နေထိုင်နိုင်ကြတော့မည် ဖြစ်ပြီး ကလေးများဆော့ကစားရန် ကစားကွင်းများနှင့် အပန်းဖြေဥယျာဉ်များ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ပွင့်သစ္စာ

No comments:

Post a Comment