Monday, April 2, 2018

တရုတ်နိုင်ငံ၏ အာကာသသုတေသနစခန်းယာဉ် ဧပြီ ၂ ရက်တွင် ကမ္ဘာပေါ်သို့ ပျက်ကျလာဖွယ်ရှိ

Image may contain: sky
လန်ဒန် ဧပြီ ၁
အသက်ဝင်လှုပ်ရှားခြင်း မရှိတော့သည့် တရုတ်အာကာသ ယာဉ်တစ်စင်းသည် ဧပြီ ၂ ရက်တွင် ကမ္ဘာ့လေထုလွှာ အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဧပြီ ၁ ရက်တွင် သတင်း ထုတ်ပြန်သည်။
တိန်ခေါင်း-၁ အမည်ရှိ တရုတ်အာကာသ သုတေသနစခန်းယာဉ်သည် ကမ္ဘာ့လေထုလွှာအတွင်းသို့ မည်သည့်အချိန်တွင် ဝင်ရောက်လာမည်ကို တရုတ် အာကာသအေဂျင်စီက တိတိကျကျပြောဆိုခြင်းမရှိပေ။ သို့ရာတွင် ဧပြီ ၂ ရက်တွင် အထိန်းအချုပ်မဲ့ ပျက်ကျလာ ဖွယ်ရှိကြောင်း၊ ယင်းအာကာသယာဉ်သည် အပိုင်းပိုင်း ပြိုကွဲသွားခြင်းမရှိမီ တစ်နာရီလျှင် ကီလိုမီတာ ၂၆ဝဝဝ ကျော် အမြန်နှုန်းဖြင့် အောက်သို့ စိုက်ဆင်းလာမည်ဟု ခန့်မှန်းရကြောင်း အဆိုပါအေဂျင်စီက ပြောကြားသည်။ တိန်ခေါင်းဟူသည် တရုတ်ဘာသာစကားအရ အာကာသ နန်းတော်ဟု အဓိပ္ပာယ်ရရှိသည်။
တရုတ်အာကာသအေဂျင်စီ၏ ခန့်မှန်းပြောကြား ချက်မှာ ဥရောပအာကာသအေဂျင်စီ၏ တွက်ချက်ခန့်မှန်း ချက်များနှင့် ယေဘုယျသဘော ကိုက်ညီမှုရှိသည်ဆို၏။
ထိုစဉ်အတွင်း တောင်ကိုရီးယားအမျိုးသားအာကာသ အခြေအနေ အသိပေးရေးအဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ တရုတ် အာကာသသုတေသနစခန်း ယာဉ်သည် ဧပြီ ၂ ရက် ဆိုးလ်စံတော်ချိန် နံနက် ၅ နာရီ ၁၂ မိနစ်မှ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်အကြား ကာလ (ဂရင်းနစ်စံတော်ချိန် ဧပြီ ၁ ရက် ည ၈ နာရီ ၁၂ မိနစ် မှ ဧပြီ ၂ ရက် နံနက် ၄ နာရီ ၁၂ မိနစ်အကြား ကာလ)တွင် ကမ္ဘာ့လေထုလွှာအတွင်းသို့ ပြန်လည်ဝင်ရောက်လာ မည်ဟု မျှော်လင့်ရကြောင်း ကြေညာချက်တွင်ဖော်ပြ သည်။
အလေးချိန်ရှစ်တန်ရှိ တရုတ်အာကာသသုတေသန စခန်းယာဉ်သည် ကမ္ဘာ့လေထုလွှာအတွင်းသို့ ပြန်လည် ဝင်ရောက်လာချိန်တွင် မီးလောင်ပြိုကွဲသွားကာ အပျက် အစီးအပိုင်းအစများသည် မြောက်လတ္တီတွဒ် ၄၃ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၄၃ ဒီဂရီအကြား နေရာတစ်နေရာပေါ်သို့ ကျရောက်လာနိုင်ကြောင်း၊ တစ်နည်းအားဖြင့် နယူးဇီလန် နိုင်ငံမှသည် အမေရိကန် အနောက်ပိုင်း၏ အလယ်ပိုင်း ဒေသအထိ အကျုံးဝင်သော နယ်မြေအပိုင်းအခြားအတွင်း သို့ ကျရောက်ဖွယ်ရှိကြောင်း ဥရောပအာကာသ အေဂျင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ သည်။
ကမ္ဘာ့လေထုလွှာအတွင်းသို့ ပြန်လည်ဝင်ရောက်လာ ချိန်တွင် စခန်းယာဉ်မီးလောင်ပျက်စီးသွားမည်ဟု ကျွမ်းကျင်သူပညာရှင်များက ယူဆကြသည်။ ကမ္ဘာမြေ ပြင်ပေါ်သို့ စခန်းယာဉ်၏အရွယ်အစားကြီးမားသော အစိတ်အပိုင်းများ ကျရောက်ဖွယ်မရှိကြောင်း၊ လူသားတို့ အနေဖြင့် စိုးရိမ်ပူပန်စရာမလိုအပ်ကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသစူးစမ်းလေ့လာရေး အင်ဂျင်နီ ယာလုပ်ငန်း အဖွဲ့ရုံးက လူမှုကွန်ရက်မီဒီယာဝီချတ်မှ တစ်ဆင့် ထုတ်ပြန်ကြေညာသည်။
ဘတ်စ်ကားတစ်စီး၏ အရွယ်အစားမျှရှိသော တိန်ခေါင်း-၁ အာကာသစခန်းယာဉ်ကို အာကာသယာဉ် များ ဆိုက်ကပ်ရပ်နားနိုင်ရန်နှင့် ဂြိုဟ်ပတ်လမ်းကြောင်း ဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နိုင်ရန် တရုတ် နိုင်ငံက ၂ဝ၁၁ ခုနှစ်တွင် လွှတ်တင်ခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment