Monday, April 30, 2018

ကုန်သေတ္တာခြောက်လုံးဆင့်တင်နိုင်မည့် စက်ကိရိယာသစ်များ အေးရှားဝေါဆိပ်ကမ်း၌ စတင်အသုံးပြု

Image may contain: sky and outdoor
ရန်ကုန် ဧပြီ ၂၉
အေးရှားဝေါဆိပ်ကမ်း၌ ကုန် သေတ္တာများအား ကိုင်တွယ်အသုံးပြု ရာတွင် လွယ်ကူလျင်မြန်ပြီး အဆင် ပြေချောမွေ့စေရန် ခြောက်လုံးဆင့် တင်နိုင်မည့် စက်ကိရိယာပစ္စည်းသစ် များ စတင်အသုံးပြုခြင်း အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီက ရန်ကုန် မြို့ အလုံမြို့နယ် ကွင်းကျောင်းလမ်းရှိ အေးရှားဝေါဆိပ်ကမ်း၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ကို နိုင်ငံတကာ Gate Wayတစ်ခုအဖြစ် ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုသည် အလွန်အရေး ကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် အဓိက ပင်လယ်ရေကြောင်းကဏ္ဍမှာ ၉ဝ ရာခိုင်နှုန်း အထက်သည် သီလဝါဆိပ်ကမ်းနှင့် အေးရှားဝေါဆိပ်ကမ်းတွေ ပါဝင် နေပြီး ကွန်တိန်နာကိုင်တွယ်နိုင်သည့် ဆိပ်ကမ်းငါးခုတွင် ပို့ကုန်သွင်းကုန် ဆောင်ရွက်နေရပါကြောင်း၊ ဆိပ်ကမ်း များတွင် ကုန်တင်၊ ကုန်ချ စက်ကိရိယာတွေတပ်ဆင်ပြီး ဆောင်ရွက်လျှင် လွယ်ကူလျင်မြန်မည်ဖြစ်သည့် အတွက် ယင်းဆိပ်ကမ်းမှာ စက်ကိရိယာတွေကို တပ်ဆင်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ဆိပ်ကမ်းတစ်ခုတည်း လုပ်လို့ ပြီးသည့်ကိစ္စမဟုတ်သည့်အတွက် တစ်ဆင့်ပြီးတစ်ဆင့် မြန်အောင် ကြန့်ကြာမှုတွေနည်းအောင် ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ယင်းဆိပ်ကမ်းတွင်RTG တွေ တပ်ဆင်လိုက်သည့်အတွက် ကွန်တိန်နာ နှစ်ထပ်၊ သုံးထပ် မှ ခြောက်ထပ်ဆင့်တင်နိုင်မည်ဖြစ်ပြီး အေးရှားဝေါအနေ ဖြင့် ယင်းဆောင်ရွက်မှုတွေကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။
''စက်ပစ္စည်းယန္တရားတွေ တိုးလိုက်ခြင်းဖြင့် တံတား ပိုင်းရော လွင်ပြင်ပိုင်းပါ ကုန်သွယ်ကိုင်တွယ်နိုင်မှု ၃၅ ရာခိုင်နှုန်းထိ တိုးနိုင်ပါတယ်။ စက်ပစ္စည်းသစ်တွေကို ကွန်ထရိုစင်တာကနေ တိုက်ရိုက်ကွန်ထရို လုပ်ပါမယ်။ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံမှုအပိုင်းတွေကိုလည်း အပတ်စဉ် လစဉ်အလိုက် သင်တန်းပို့ချပေးပါမယ်။ အရင် က ကွန်တိန်နာတွေ နှစ်ထပ်၊ သုံးထပ်တင်လို့ရပါတယ်။ အခုက ခြောက်ထပ်အထိ တင်နိုင်တဲ့အတွက် လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ပိုမိုလုပ်ဆောင်နိုင်အောင် ကြိုတင် ပြင်ဆင်ထားတဲ့သဘောပါ။ နိုင်ငံတော်ရဲ့ကုန်သွယ်မှုဟာ လည်း အဓိက ရေကြောင်းကုန်သွယ်မှုမှာ မူတည်ပါတယ်။ သွင်းကုန်/ထုတ်ကုန်တွေ များများပို့နိုင်၊ သွင်းနိုင်ရင် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မယ်။ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းလည်း တိုးတက်ဖွံ့ဖြိုးလာမယ်''ဟု Asia World Port Terminal မန်နေဂျာ ဦးဇော်လွင်ဦးက ပြောသည်။
ထိုသို့ စက်ကိရိယာအသစ်များကို တပ်ဆင်အသုံး ပြုခြင်းကြောင့် ယခင်က ဆိပ်ကမ်းကုန်သေတ္တာ ကိုင်တွယ် မှုသည် သေတ္တာအလုံးရေ ၄၂၃ဝဝဝ ကျော် ဆောင်ရွက်ခဲ့ ရာ နောက်ပိုင်းနှစ်များတွင် ၎င်းအလုံးအရေအတွက်၏ ၃ဝ ရာခိုင်နှုန်းကျော် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကုန်သေတ္တာသယ်ဆောင်သည့် စက်ယန္တရားအရေအတွက် အနေဖြင့် ၁၄ စီးရှိပြီးRubber Tyred Gantry(RTG) အသစ် ကိုးစီး၊ Mobile Harbour Crane(MHC)တစ်စီးနှင့် Reach Stackers(RS) လေးစီးတို့ဖြစ်ကြောင်း သိရသည်။
''အရင် ဒီစက်တွေ မတပ်ခင်တုန်းက ကုန်သေတ္တာ ကိုင်တွယ်မှု အချိန်ကြန့်ကြာမှုတွေရှိခဲ့တယ်။RTG တွေ တပ်လိုက်တော့ ကုန်သေတ္တာ အတင်အချတွေ မြန်လာမှာ ဖြစ်ပါတယ်။ ထုတ်ကုန်၊ သွင်းကုန်နဲ့ ကုန်သေတ္တာသယ်ယူ ပို့ဆောင်တဲ့နေရာမှာ မြန်ပြီးတော့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာ တိုးတက်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်မှ ဒီနှစ် ကုန်သေတ္တာ လေးသိန်းကိုင်တွယ်နိုင်ရင် နောက်နှစ်ဆို ငါးသိန်း ကိုင်တွယ်နိုင်မှာဖြစ်ပြီး တဖြည်းဖြည်း မြင့်မား လာမှာ ဖြစ်ပါတယ်။ တခြားဆိပ်ကမ်းတွေမှာလည်း ဒီလို စက်ယန္တရားတွေ ရှိပြီးသားဖြစ်ပါတယ်။ ဆိပ်ကမ်းနေရာ ဒေသပေါ်မူတည်ပြီး တချို့က ငါးထပ်၊ တချို့က ခြောက်ထပ် ရှိပါတယ်။ အဓိကအခန်းကဏ္ဍဖြစ်တဲ့ ဆိပ်ကမ်းရဲ့အခန်း ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်''ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ရှင်းပြ သည်။
အေးရှားဝေါဆိပ်ကမ်းမှ ကုန်ပစ္စည်းအများစုသည် မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ အစရှိသည့် နိုင်ငံ များသို့ ပို့ဆောင်တင်သွင်းလျက်ရှိပြီး ဆိပ်ကမ်းဧရိယာ အကျယ်အဝန်းအနေဖြင့် ၆၆ ဧကကျော်ရှိကာ ကုန်သည် များ၏ ပို့ဆောင်သောကုန်ပစ္စည်းများကို စစ်ဆေး၍ ကုန်သေတ္တာအတွင်း ထည့်သွင်းကာ ကုန်တင်ကုန်ချ သီးသန့်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသော အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနေအောင်၊ Asia World Port Management ကုမ္ပဏီ လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးထွန်းမြင့်နိုင်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြ သည်။
သတင်း-အေးမင်းသူ၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment