Sunday, April 1, 2018

ကွန်းချောင်းရေလှောင်တမံ ရေရှည်တည်တံ့ရေးအတွက် တမံကြံ့ခိုင်ရေး စဉ်ဆက်မပြတ်စစ်ဆေးရန်နှင့်ရေဝေရေလဲဧရိယာရှိ သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ မှာကြား

Image may contain: 2 people, people standing, mountain, sky, bridge, outdoor, nature and water

နေပြည်တော် မတ် ၃၁
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် ကွန်းချောင်းရေလှောင်တမံ၊ ဓာတ်အားပေးစက်ရုံနှင့် ကွန်းချောင်းရေလွှဲ ဆည်ရေသောက်စနစ် တည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ဖြူးမြို့နယ်ရှိ ကွန်းချောင်းရေလှောင်တမံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်ရှုရပ်မှ ရေလှောင် တမံအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေကို ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတအား ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေက ကွန်းချောင်းရေလှောင်တမံ တည်ဆောက်ခဲ့မှု၊ တမံရေသိုလှောင်မှု၊ မိုးရေချိန်နှင့် ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံတည်နေရာ၊ တမံအမျိုးအစား၊ ရေပိုလွှဲနှင့် ရေလွှဲဆည် တည်ဆောက်ထားရှိမှု၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု၊ အကျိုးပြု စိုက်ဧကနှင့် နှစ်အလိုက် ရေဝင်ရောက်မှုတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက စက်ရုံတည်နေရာ၊ ဓာတ်အားထုတ်လုပ်နိုင်မှု၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်နိုင်မှု၊ စက်များပြုပြင်ထိန်းသိမ်းမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက ရေလှောင်တမံ ရေရှည်တည်တံ့ရေး အတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် တမံကြံ့ခိုင် ရေးကို စဉ်ဆက်မပြတ် စောင့်ကြပ် စစ်ဆေးသွားရန် လိုအပ်ကြောင်း၊ ထို့အပြင် တမံ၏ ရေဝေရေလဲ ဧရိယာ အတွင်းရှိ သစ်တောများ ပြုန်းတီးမှု မရှိစေရေးအတွက် ထိန်းသိမ်းစောင့် ရှောက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံအတွင်း တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်း များနှင့် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အပါအဝင် လိုအပ်သည့် သက်သာချောင်ချိရေး များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ကွန်းချောင်းရေလှောင်တမံကို စစ်တောင်းမြစ်ဝှမ်းလွင်ပြင်၏ ဒေသ အလိုက် ရေလွှမ်းမိုးမှုကို ကာကွယ် ရန်၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကညွတ်ကွင်းနှင့် ပဲနွယ်ကုန်းမြို့ နယ်များ အတွင်းရှိ လယ်မြေများသို့ သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး ဆည် ရေပေးဝေရန်နှင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆ဝ ကို နိုင်ငံတော် ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ ဓာတ်အား ဖြန့်ဖြူးပေးရန် ရည်ရွယ်ချက်များဖြင့် ၂ဝဝ၂ - ၂ဝဝ၃ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ပြီးစီးခဲ့ ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ကွန်းချောင်းရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံအတွင်းရှိ စက်များ တပ်ဆင်မောင်းနှင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် ကျောက်တံခါးမြို့နယ် ကွန်းချောင်း ရေလွှဲ ဆည်ရေသောက်စနစ် တည် ဆောက်ခြင်းလုပ်ငန်း စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြတ်မိုးက စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ ရေလွှဲဆည် တည်ဆောက်နေမှုနှင့် ဆည်ရေဖြန့်ဝေပေးရန် လျာထား ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြ ရာ ဒုတိယသမ္မတက ဆည်ရေပေး ဝေမှုကို သတ်မှတ်ထားသည့် ဧရိယာ များအား လုံလောက်စွာ ဖြန့်ဖြူးပေး ရန်၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိပါ က ဒေသခံတောင်သူများ ရေကို အကျိုးရှိစွာ အသုံးချ၍ စီးပွားရေး တွက်ခြေကိုက်သည့် သီးနှံများ ပိုမို စိုက်ပျိုးအောင် စည်းရုံးသွားရန် ပြောကြားသည်။
ကွန်းချောင်းရေလွှဲ ဆည်ရေသောက် စနစ် တည်ဆောက်လျက်ရှိရာ ပြီးစီးပါ က တောကျွဲအင်း၊ ပဲနွယ်ကုန်း ဒေသ များရှိ ဆည်ရေသောက်ဧရိယာ ဧက ၃၅ဝဝဝ အား သီးထပ်၊သီးညှပ်များ ပိုမို စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေပေးဝေနိုင် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment