Friday, March 30, 2018

တေးအယ်လ်ဘမ်သစ်မှ တေးသီချင်းနှစ်ပုဒ်ကို TWICEထုတ်ဖော်ပြောကြား

Image may contain: 1 person, standing and shoes
တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့တွေအနက် အကျော်ကြားဆုံးအဖွဲ့လို့ဆိုနိုင်တဲ့ ''TWICE''ဟာ မီနီတေးအယ်လ်ဘမ် သစ်နဲ့အတူ ပရိသတ်ရှေ့အရောက်ပြန်လာဖို့ရာ စီစဉ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ယင်းတေးအယ်လ်ဘမ်သစ်အတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ လတ်တလောမှာတော့ အဖွဲ့လိုက်ဓာတ်ပုံနဲ့အတူ တေးအယ်လ်ဘမ်သစ်မှာပါဝင်မယ့် တေးသီချင်းသစ်နှစ်ပုဒ်ရဲ့ အမည်တွေကိုလည်း ထုတ်ဖော်ပြသခဲ့တာ ဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လာမယ့် ဧပြီ ၉ ရက်မှာ စတင်ထုတ်လွှင့်ပေးသွားမယ့် ''TWICE''ရဲ့ တေးအယ်လ်ဘမ်သစ်ဟာ ငါးခုမြောက် မီနီတေး အယ်လ်ဘမ်ဖြစ်ပြီး ယခင်က တေးအယ်လ်ဘမ်သစ်မှာပါဝင်မယ့် တေးသီချင်းတွေအနက် ခေါင်းစီးတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဂျေဝိုင်ပါ့ခ်ရေးသားပေးထားတဲ့ ခေါင်းစီးတေး ''What Is Love?၊''အပြင် လတ်တလောဖော်ပြလာတဲ့ တေးသီချင်းသစ် နှစ်ပုဒ်ကတော့ ''Sweet Talker''နဲ့ ''Ho!'' တို့ ဖြစ်ကြပါတယ်။ ''Sweet Talker''တေးသီချင်းကိုတော့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဂျန်ယွန်းနဲ့ ချေယောင်းတို့က ရေးသားထားတာဖြစ်ပြီး ''ံHo!''တေးသီချင်းကိုတော့ ဂျီဟိုက ရေးသားထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ တေးအယ်လ်ဘမ်သစ်အတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ အဖွဲ့လိုက်ဓာတ်ပုံတစ်ပုံကိုလည်း ထုတ်ဖော် ပြသလာခဲ့ပါတယ်။ ယင်းဓာတ်ပုံမှာတော့ အဖွဲ့ဝင်တွေဟာ တူညီဝတ်စုံကို ဝတ်ဆင်တာမျိုးထက် တစ်ဦးနဲ့တစ်ဦးမတူတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ဖန်တီးထားတာကိုလည်း တွေ့ရပါတယ်။
အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ရာမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အဖွဲ့ဝင်တွေအနက် စန်နာ၊ မိုမို၊ ဂျန်ယွန်းနဲ့ နာယွန်းတို့ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေကလည်း မတူညီတဲ့ရသတွေကို ပေးစွမ်းနေတာဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment