Friday, March 30, 2018

ဟိုချီမင်းမြို့ရှိ နိုင်ငံတကာလေဆိပ်၌ခရီးသည်များ နားနေဆောင်သစ်တည်ဆောက်မည်

Image may contain: sky, cloud, bridge, tree and outdoor
ဟိုချီမင်း မတ် ၂၉
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ တန်ဆောင်နတ်နိုင်ငံတကာလေဆိပ်၌ ခရီးသည်များနားနေဆောင် အဆောက်အအုံသစ် တည်ဆောက်ရန် အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက မတ် ၂၉ ရက်တွင် ပြောကြားသည်။
ခရီးသည်များ နားနေဆောင်အဆောက်အအုံသစ် တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇၈၆ သန်းခန့် ရင်းနှီးမြှုပ်နှံရမည်ဟု ခန့်မှန်းထားသည်။ အဆိုပါလေဆိပ်တောင်ဘက်ခြမ်း ၌ ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၂ဝဝဝဝဝ ရှိမည့် ခရီးသည်များ နားနေဆောင်သစ်သည် တစ်နှစ်လျှင် နောက်ထပ်ခရီးသည် သန်း ၂ဝ အထိ ဝန်ဆောင်ပေးနိုင်စွမ်းရှိမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တန်ဆောင်နတ် နိုင်ငံတကာလေဆိပ်၏ မြောက်ဘက်အပိုင်းတွင် ဂေါက်သီးကစားကွင်း နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ အကျယ်အဝန်း ၁၆ ဟက်တာရှိ မြေကွက် တို့ပါဝင်ပြီး လေယာဉ်တင် ကုန်စည်စခန်းနှင့် လေယာဉ်ပြင်ဆင်ရေးစခန်းတို့ကဲ့သို့သော အထောက်အကူပြု အဆောက်အအုံများကို တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါလေဆိပ်သည် ခရီးသည် အဝင်၊ အထွက်များသော လေဆိပ်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃၅ သန်းခန့်အတွက် ဝန်ဆောင်မှုပေးနေရသဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း တစ်နှစ်လျှင် ခရီးသည်သန်း ၄ဝ မှ ၅ဝ အထိ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လေဆိပ် တိုးချဲ့ရေးလုပ်ငန်း ဆောင်ရွက်ရန် ဟိုချီမင်းမြို့ အာဏာပိုင်များအား အစိုးရအဖွဲ့က တိုက်တွန်း ခဲ့သည်။
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းပြည်နယ်၌ လျောင်ဂန်းအမည်ရှိ နိုင်ငံတကာလေဆိပ်သစ် ကို တည်ဆောက်ရန်လည်း အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါလေဆိပ်သစ်ကို ၂ဝ၂၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရသည်။
ဆင်ဟွာ

No comments:

Post a Comment