Sunday, March 4, 2018

ဖိုးကျားဆင်စခန်းသို့ မိသားစုများ အပန်းဖြေလာရောက်

Image may contain: one or more people, tree, outdoor and nature
ရေတာရှည် မတ် ၃
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ကားလမ်း (၁ဝ)မိုင်ရှိ ဖိုးကျားအပန်းဖြေဆင်စခန်းတွင် ရက်ရှည်ရုံးပိတ်ရက် အတွင်း ရန်ကုန်၊ နေပြည်တော်၊ တောင်ငူမြို့များနှင့် အခြားသောဒေသများမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
''အခုရုံးပိတ်ရက်မှာ တစ်ရက်ကိုလာရောက်လည်ပတ်သူ အယောက် နှစ်ရာကျော်လောက်ရှိတယ်၊ ဆင် ၁၂ ကောင်မှာ မနက်ပိုင်းမှာတင် နားချိန် ကိုမရတာ''ဟု ဖိုးကျားအပန်းဖြေ ဆင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ လာရောက်လည်ပတ်သူများမှာ နေပြည်တော်၊ ရန်ကုန်၊ တောင်ငူမြို့များ မှ ဝန်ထမ်းများသည် ရုံးပိတ်ရက်ဖြစ်၍ မိသားစုအလိုက်၊ အစုအဖွဲ့လိုက် လာရောက်ကြခြင်းဖြစ်ပြီး ကြိုတင်ချိတ်ဆက်ထားသူများမှာ နံနက် ၇ နာရီကပင် ဆင်စီးလည်ပတ်ရန် ရောက်ရှိလာကြကြောင်း သိရသည်။
''ဆင်တွေက မနက်ပိုင်း ၁ဝ နာရီ ဝန်းကျင်လောက်ပဲ၊ နေပူရင် ဆင်စီးလို့ မရတော့ဘူး၊ ညနေပိုင်းနေအေးမှသာ စီးလို့ရမှာ၊ အဲဒါကြောင့် ကျွန်တော်တို့ အဖွဲ့က မနက်အစောပိုင်းမီအောင်ထွက်လာခဲ့ကြတာ''ဟု ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူ ခရီးသွားတစ်ဦးက ပြောကြားသည်။
''ကျွန်တော်တို့က နေပြည်တော်ကပါ၊ ရက်ရှည်ရုံးပိတ်ရက်ဆိုတော့ ကိုယ့်မိသားစုလည်း အချိန်ပေးနိုင်တယ်၊ ကလေးတွေကလည်း ဖိုးကျားဆင် စခန်းကိုမရောက်ဖူးတော့ သွားချင်တယ်ဆိုတာနဲ့ လိုက်ပို့ဖြစ်သွားတာပါ၊ ဒီမှာဆို တော့ မြို့ပြလို မွန်းကျပ်မနေဘူးလေ၊ တောတွင်းသဘာဝအတိုင်းဆိုတော့ ပျော်စရာလည်း ကောင်းပါတယ်''ဟု နေပြည်တော်မှ လာရောက်လည်ပတ်သူ တစ်ဦးက ပြောကြားသည်။ ဖိုးကျားအပန်းဖြေဆင်စခန်း၌ ညအိမ်တည်းခို သူများလည်းရှိပြီး ဆင်စီးခြင်း၊ ငှက်များကြည့်ရှုခြင်းနှင့် ဒေသခံများ၏ လူနေမှု ဘဝများကို အနီးကပ်လေ့လာကြခြင်းဖြင့် အပန်းဖြေလည်ပတ်ကြခြင်းဖြစ် ကြောင်းသိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment