Friday, March 2, 2018

အီဂျစ်တွင် ခရီးသည်တင်ရထားနှင့် ကုန်ရထားတိုက်မိ၊ သေဆုံးသူ ၁၅ ဦးထိရှိလာ

Image may contain: sky and outdoor
ကိုင်ရို မတ် ၁
အီဂျစ်နိုင်ငံမြို့တော် ကိုင်ရို၏မြောက်ဘက် ဘီဟိုင်ဟာပြည်နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၁၅ ဦးထိ မြင့်တက်လာကြောင်း အီဂျစ်နိုင်ငံပိုင် မီနာသတင်းဌာနက သတင်းထုတ်ပြန်သည်။
ဘီဟိုင်ဟာပြည်နယ် ရထားတိုက်မှုတွင် သေဆုံးသူဦးရေ ၁၅ ဦးထိ မြင့်တက်လာပြီး အခြားလူ ၄ဝ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အက်ဇ်၏ပြောကြားချက်ကို မီနာသတင်းဌာနက ကောက်နုတ်ဖော်ပြသည်။
ဘီဟိုင်ဟာပြည်နယ် ကွမ်ဟာမာဒါခရိုင်တွင် ခရီးသည်တင်ရထားနှင့် ကုန်ရထားတစ်စင်းတို့ ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်းက တိုက်မိမှုကြောင့် ခရီးသည်တင်ရထားမှာ တွဲနှစ်တွဲလမ်းချော်ခဲ့ကြောင်း ယင်းပြည်နယ်၏ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲ အလာအယ်လ်ဒင် အဗ္ဗဒယ်ဖာတာက ပြောကြားသည်။
ရထားချင်းတိုက်မိမှုဖြစ်ပွားသည့်နေရာသို့ အရေးပေါ်လူနာတင်ယာဉ် အစီး ၃ဝ ကို အလျင်အမြန်စေလွှတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအား အနီးရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။
အီဂျစ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်းက လူအသေအပျောက်များပြားသော ရထားမတော်တဆ ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီး လူပေါင်းရာနှင့်ချီကာ သေကျေဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လက ကိုင်ရိုမြို့ မြောက်ဘက်ရှိ ကမ်းရိုးတန်းဒေသပြည်နယ်ဖြစ်သည့် အလက်ဇနြ္ဒီးယား ပြည်နယ်တွင် ရထားနှစ်စင်းခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၄၉ ဦးထက်မနည်းသေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment