Saturday, March 31, 2018

အင်းတော်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ကဒူးတိုင်းရင်းသားများရိုးရာပွဲတော် ကျင်းပ


Image may contain: one or more people, sky and outdoor


အင်းတော် မတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နံ့သာအုပ်စု အင်ပင်ကျေးရွာတွင် ကဒူး တိုင်းရင်းသားများရိုးရာပွဲတော်ကို မတ် ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကဒူးတိုင်းရင်းသားများ ရိုးရာပွဲတော် မုခ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်၊ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုန်၊ အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ကဒူးအမျိုးသားအဖွဲ့နာယက ဦးပြည်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက အမှာစကား ပြောကြားခြင်း၊ ကဒူးအမျိုးသားအဖွဲ့နာယက ဦးပြည်သိန်း၊ ပင်လည်ဘူးမြို့နယ် ကဒူး တိုင်းရင်းသားများခေါင်းဆောင် ဦးချင်းအောင်၊
ဗန်းမောက်မြို့နယ် ကဒူးတိုင်းရင်းသားများခေါင်းဆောင် ဦးဝင်းရွှေတို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ အင်းတော်မြို့နယ် ကဒူးတိုင်းရင်းသားများခေါင်းဆောင် ဦးကံအောင်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖွဲ့နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖွဲ့တို့အား ကဒူးတိုင်းရင်းသားရိုးရာအမှတ်တရ လက်ဆောင်များကို ပေးအပ်သည်။
ထို့နောက် အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များမှ ကဒူးတိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းများပြခန်း၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှပြခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သည် ဒုတိယအကြိမ်မြောက် ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ဖြစ်ပြီး မတ် ၂၅ ရက်မှ ၂၇ ရက်ထိ သုံးရက်တိုင် ကဒူးကနန်း၊ ကချင်၊ သက် စသော တိုင်းရင်းသားများ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ကဒူးမောင် ကဒူးမယ်ရွေးချယ်ပွဲ၊ ကဒူးဝတ်စုံဖက်ရှင်ပြိုင်ပွဲများ နှင့် ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော်မြို့နယ်တို့မှ ကဒူးရိုးရာပြခန်းများ၊ ဌာနဆိုင်ရာများမှ ပြခန်းများပြသပြီး ကဒူးတိုင်းရင်းသားများ၏ ဗဟိုစည်၊ ကဒူးတိုင်းရင်းသားခေါင်းဆောင်ဟု ပြောရမည့် ရွှေဝန်ဦးကွတ္တိ၏ ဆင်ခြေတိုင်ကြီးကိုစိုက်ထူပြီး အထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်း ကဒူးအမျိုးသားအဖွဲ့ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဦးဇော်မျိုးထွန်းက ပြောသည်။
မောင်ချစ်လင်း (အင်းတော်)

No comments:

Post a Comment