Sunday, February 4, 2018

ပညာရောင်ခြည်စာကြည့်တိုက် ရှေ့၌ ထားရှိမည့်ဗိုလ်ချုပ်ကြေးရုပ်တုအား သယ်ဆောင်

Image may contain: one or more people, tree and outdoor
ပွင့်ဖြူ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာ ပညာရောင်ခြည် စာကြည့်တိုက်ရှေ့တွင် ဗိုလ်ချုပ် ကြေးရုပ်တု စိုက်ထူထားရှိရန်အတွက် မန္တလေးမြို့မှ သယ်ဆောင်လာခဲ့သော ဗိုလ်ချုပ်ကြေးရုပ်တု မော်တော်ယာဉ် အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့သို့ ရောက်ရှိခဲ့ရာ ဒေသခံမြို့မိမြို့ဖများ၊ ပွင့်ဖြူ(အထက)ကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်း သူများအဖွဲ့မှ ဘင်ခရာသံစုံတီးဝိုင်း များဖြင့် သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာ ပညာရောင်ခြည် စာကြည့်တိုက်တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်တုအား ကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကိုလေး ဦးဆောင်၍ ကော်မတီဝင် များအဖွဲ့က အလှူငွေများ ကောက်ခံ၍ မန္တလေးမြို့တွင် မှာယူသွန်းထုခဲ့ခြင်း ဖြစ်ပြီး အဆိုပါဗိုလ်ချုပ်ကြေးရုပ်တု မှာ ကြေးပိဿာချိန် ၁၇ဝ ခန့်ရှိပြီး ကုန်ကျငွေကျပ် သိန်း ၁၂ဝ ခန့် ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာ ပညာရောင်ခြည် စာကြည့်တိုက်ရှေ့မှာ ဗိုလ်ချုပ် ကြေးရုပ်တု စိုက်ထူထားရှိနိုင်ဖို့အတွက် ကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းကာ အလှူငွေတွေ ကောက်ခံခဲ့ပါတယ်၊ စေတနာရှင်ပြည်သူတွေထံမှ ကောက်ခံ ရရှိတဲ့ငွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ တာဖြစ်ပါတယ်၊ ဒီဗိုလ်ချုပ်ကြေးရုပ်တု ကိုတော့ မန္တလေးမြို့မှာပဲ မှာယူခဲ့တာ ဖြစ်ပါတယ်၊ မနေ့က မန္တလေးမြို့ကနေ မော်တော်ယာဉ်နဲ့ သယ်ဆောင်လာခဲ့ ပါတယ်၊ ဒီနေ့မွန်းလွဲပိုင်းမှာပဲ ကျွန်တော် တို့ ပွင့်ဖြူမြို့နယ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်၊ အခု သယ်ဆောင်လာတဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲကိုလည်း ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျွန်တော်တို့ကျေးရွာ ပညာရောင်ခြည် စာကြည့်တိုက်ရှေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်၊ ဗိုလ်ချုပ် ကြေးရုပ်တု စိုက်ထူထားရှိရတဲ့ ရည်ရွယ်ချက်ကတော့ ကျေးရွာမှာရှိတဲ့ မျိုးဆက်သစ် လူငယ်မောင်မယ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လိုမျိုး အရည်အချင်းပြည့်ဝတဲ့ လူရည်မွန်ကောင်းများ ပေါ်ထွန်းလာ စေရန်ရည်ရွယ်ပြီး စိုက်ထူထားရှိရခြင်း ဖြစ်ပါတယ်''ဟု ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီဝင် ဦးနိုင်လင်း ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)

No comments:

Post a Comment