Sunday, February 25, 2018

မကွေးအသင်း နိုင်ပွဲပြန်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိ

Image may contain: 3 people, people playing sports and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၄
၂ဝ၁၈ ရာသီ MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ မကွေးအသင်းက ဧရာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
နာမည်ကြီးဧရာဝတီအသင်းအတွက် ဖိအား များခဲ့သည့် ရှုံးပွဲဖြစ်ခဲ့ပြီး ယခုရာသီ တတိယမြောက် ရှုံးပွဲနှင့်အတူ ဖိအားဝင်သွားခဲ့ရသည်။ ဧရာဝတီ အသင်းသည် အမာခံကစားသမား အစုံအလင် ပါဝင်ခဲ့သော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ မကွေးအသင်း သည် လေးပွဲမြောက် နိုင်ပွဲနှင့်အတူ အမှတ်ပေး ဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင် ဖြင့် ပွဲထွက်ခဲ့ပြီး နောက်ဆုံးကစားသည့်ပွဲတွင် နိုင်ပွဲ ပျောက်ထားသောကြောင့် အနိုင်သုံးမှတ်ရရန် အားထည့်ကစားခဲ့သည်။ ပထမပိုင်းတွင် မကွေး အသင်းက ပိုဖိကစားနိုင်ခဲ့သော်လည်း ထိရောက် သည့် ဂိုးသွင်းခွင့်ရအောင်မဖန်တီးနိုင်၍ ဧရာဝတီ အသင်း သက်သာရာရခဲ့သည်။ ဧရာဝတီအသင်း သည် ကာစီယို၏ ညာတောင်ပံမှ အဓိကတိုက်စစ် ဆင်ခဲ့ပြီး ကာစီယိုကို မကွေးနောက်ခံလူ နန္ဒကျော် က မလွတ်တမ်း ထိန်းချုပ်နိုင်ခဲ့၍ ပထမပိုင်းတွင်
ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် မကွေးအသင်း တိုက်စစ်ပိုမြှင့်လာခဲ့ပြီး ၅၃ မိနစ်တွင် အောင်မြင့်ထွန်းက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မကွေးအသင်း ကစားပုံပိုကောင်းလာပြီး ၅၉ မိနစ်တွင် ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး စိုးလွင်လွင်က သွင်းယူခဲ့သည်။ မထင်မှတ်ဘဲ နှစ်ဂိုးဆက်ပေးလိုက်ရသည့် ဧရာဝတီအသင်းသည် ချေပဂိုး ပြန်ရရန် အားထည့်လာခဲ့ပြီး ၇၄ မိနစ်တွင် ကာစီယိုက တစ်ဂိုးပြန်သွင်းခဲ့သည်။ ဧရာဝတီအသင်းသည် လက်ကျန်မိနစ် များတွင် ချေပဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း မကွေးအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။
ဝေသာလီကွင်း၌ ကျင်းပသောပွဲတွင် ရခိုင်အသင်းကGFA အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ ရခိုင် အသင်းသည် အိမ်ကွင်းပထမဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုးများကို ဆန်းဒေးမက်သရူးက နှစ်ဂိုးနှင့် စည်သူသန်းစိုးကတစ်ဂိုး သွင်းယူခဲ့သည်။ ယမန်နေ့ကYUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ဇွဲကပင်အသင်း၊ ပဲခူးကွင်း၌ ဟံသာဝတီအသင်းနှင့်Southernအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊
ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment