Thursday, February 1, 2018

သံမဏိထုတ်လုပ်မှု တိုးတက်ရေး အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းမြှင့်တင်

Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ချိုသည် ယမန်နေ့တွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည့်Developing Steel Industry in Myanmar ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသော သံမဏိထုတ်ကုန်များ လိုအပ်ချက်သည်လည်း နှစ်စဉ်တိုးတက်လျက် ရှိကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့် စတီးသံပေါင်၊ ရက်မတို့ကို ပြည်ပမှ တင်သွင်း နေရခြင်းကြောင့် ကုန်သွယ်မှုလိုငွေတို့ ဖြစ်ပေါ် လျက်ရှိကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်နိုင်မည်ဆို ပါက သွင်းကုန်အတွက် နိုင်ငံခြားငွေကုန်ကျမှုသက်သာမည့်အပြင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် မြန်မာ့စတီးအဆင့်အတန်းကို သတ်မှတ်နိုင်ခြင်း မရှိသေးသည့်အတွက် အရည် အသွေးနိမ့် သံနှင့် သံမဏိထုတ်ကုန်များကိုတင်သွင်း အသုံးပြုနေရကြောင်း၊ မြန်မာ့စတီးအဆင့်အတန်း ကို အမြန်ဆုံးသတ်မှတ်ပြဋ္ဌာန်းနိုင်မှသာ ပြည်ပ မှ တင်သွင်းနေသော အရည်အသွေးနိမ့် သံမဏိ ထုတ်ကုန်များကို ကန့်သတ်တားဆီးနိုင်မည် ဖြစ်ကာ ပြည်တွင်း သံမဏိလုပ်ငန်းများ အနေဖြင့် လည်း သတ်မှတ်စံနှုန်းများနှင့်အညီ အရည် အသွေးပြည့်ဝသော သံမဏိထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် ပြည်ပမှ နည်းပညာရှိသော အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ သံမဏိ ထုတ်လုပ်သူများ စုံညီစွာ တက်ရောက်လာကြသည့် အတွက် ကဏ္ဍအလိုက် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကာ မြန်မာ့သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွေ့ကျသည့် လုပ်ငန်းအစီအစဉ် တစ်ခု ချမှတ်အကောင်အထည် ဖော်ဆောင်နိုင်မည် ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆက်လက်၍ POSCO Daewoo Myanmar Corporationမှ Chief Researcher ဖြစ်သူ Mr. Chan Wook Park က Developing Steel Industry in Myanmar' ခေါင်းစဉ်ဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများ၏ စတီးလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာပုံ အဆင့်ဆင့်နှင့် လက်ရှိမြန်မာနိုင်ငံရှိ သံမဏိ စက်ရုံများ၏ ထုတ်လုပ်နေမှု အခြေအနေများ၊Mr. Kyung Sik Choi က မြန်မာနိုင်ငံရှိ သံမဏိ စက်ရုံများ၏ အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် အစီအမံများ၊Mr. Jong Jae Kimက ပြည်တွင်း၊ ပြည်ပ သံမဏိ ဈေးကွက် အခြေအနေနှင့် ရောင်းချဖြန့်ဖြူးမည့် အစီအမံများကို ရှင်းလင်းရာ တက်ရောက်လာသူများ က သိရှိလိုသည်များကို မေးမြန်းပြီး ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment