ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် တိုင်းဒေသကြီး ဝန်ကြီးများ ခန့်အပ်ခြင်းကို မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာ ဖတ်ကြားခြင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ဥပဒေကြမ်းအား အတည်ပြုခြင်း၊ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ သည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ဝန်ကြီးအဖြစ် ဒေါက်တာစောညိုဝင်း၊ စည်ပင်သာယာ ရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ညွန့်ညွန့် ဌေး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်အောင်ဝင်းတို့အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်း က ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ် ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက က တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူအတည်ပြုသည်။
ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးမင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြကြသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်း၊ ပြည်ပချေးငွေ(၂)ရပ်ပေါင်းသည် ငွေကျပ် ၇၅၉၃ ဘီလီယံ ဖြစ်၍ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ခွင့်ပြုချက်ထက် ငွေကျပ် ၂၅၉၃ ဘီလီယံ ပိုမိုချေးယူခဲ့ခြင်း နှင့်စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း အမှန်တကယ် ချေးယူ နိုင်သည့် ပမာဏ ငွေကျပ် ၅ဝဝဝ ဘီလီယံကို သတ်မှတ်ခဲ့ ရာတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေအရ ဖြစ်ပေါ်လာသော ဘတ်ဂျက်လိုငွေ ငွေကျပ် ၃၉၂၈ ဒသမ ၅၅၄ ဘီလီယံအပေါ်တွင် အခြေခံ၍လျာထားခဲ့ခြင်းဖြစ်ပါ ကြောင်း။
လက်တွေ့အခြေအနေတွင် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းတွင် ဖြစ်ပေါ်လာသော လိုငွေကို ဖြည့်ဆည်း ရာ၌ ယခင်ဘဏ္ဍာနှစ်များက ရောင်းချခဲ့သည့် အစိုးရငွေ တိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များသည် ယခုဘဏ္ဍာ နှစ်တွင် သက်တမ်းစေ့ရောက်သဖြင့် ပြန်လည်ရွေးနုတ်ရ ခြင်းနှင့် ယခုဘဏ္ဍာနှစ်အတွင်း အစိုးရဌာနအဖွဲ့အစည်း များ၏ ရငွေ၊ သုံးငွေအခြေအနေအရ ရငွေထက် သုံးငွေက ပိုမိုခြင်းတို့ကို ပေါင်းစပ်ဖြည့်ဆည်းရခြင်း ဖြစ်ပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက် စာချုပ်၊ ငွေတိုက်လက်မှတ်များ ရောင်းချခဲ့သည့် စုစုပေါင်း ပမာဏမှာ ငွေကျပ် ၇၁၃၄ ဒသမ ၆ ဘီလီယံ ဖြစ်ပြီး ပြန်လည်ရွေးနုတ်ခဲ့သည့် ပမာဏမှာ ငွေကျပ် ၄၈၃၉ ဒသမ ၁ ဘီလီယံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသားတင် ဖြည့်ဆည်းမှုမှာ ကျပ် ၂၂၉၅ ဒသမ ၅ ဘီလီယံဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပမှ ချေးယူငွေမှာ ငွေကျပ် ၄၅၈ ဒသမ ၄ ဘီလီယံ ဖြစ်သဖြင့် ပြည်တွင်းမှ အသားတင်ဖြည့်ဆည်းမှု ငွေကျပ် ၂၂၉၅ ဒသမ ၅ ဘီလီယံ နှင့် တွက်ပါက စုစုပေါင်းချေးငွေမှာ ငွေကျပ် ၂၇၅၃ ဒသမ ၉ ဘီလီယံဖြစ်၍ အမှန်တကယ် ချေးယူနိုင်သည့်ပမာဏ ငွေကျပ် ၅ဝဝဝ ဘီလီယံထက် ကျော်လွန်မှုမရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လာမည့်ဘဏ္ဍာရေးနှစ်များတွင် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ပြု ထားသည့်အတိုင်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီဖြစ်ရန် သတိပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ်(၂ဝ)နှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များအရ ပြည်ပချေးငွေဖြင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်သည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် စီမံကိန်း ရည်မှန်းချက်တိုင်း အပြည့်အဝ ထုတ်ယူသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်းနှင့်စပ်လျဉ်း၍ ချေးငွေစာချုပ်ချုပ်ဆို ပြီးသည်နှင့်တစ်ပြိုင်နက် ချေးငွေချက်ချင်း ထုတ်ယူ၍ မရပါကြောင်း၊ ချေးငွေစာချုပ်ချုပ်ဆိုပြီးသည့်အခါ စာချုပ် အသက်ဝင်ရန် နှစ်ဖက်ဆက်လက်ဆောင်ရွက်ရသည့် ပြည်တွင်းလုပ်ငန်းစဉ်များရှိပါကြောင်း၊ ယင်းတို့ကို ဆောင် ရွက်ပြီးမှသာ ချေးငွေစာချုပ် အသက်ဝင်ပြီး ချေးငွေကို ထုတ်ယူသုံးစွဲနိုင်ပါကြောင်း၊ ချေးငွေကို စတင်သုံးစွဲရန် ထုတ်ယူသည့်အချိန်မှသာ အတိုးကိုလည်း စတင် တွက်ချက်ရခြင်း ဖြစ်ပါကြောင်း။
ဌာနများက ချေးငွေထုတ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက် ရာတွင် လုပ်ငန်းသဘောသဘာဝအပေါ်မူတည်၍ အကြံ ပေးငှားရမ်းခြင်း၊ ပစ္စည်းဝယ်ယူခြင်းတို့ကို ဆောင်ရွက်ရပါ ကြောင်း၊ ထိုအခါ သက်ဆိုင်ရာ ငွေချေးသူ၏ စည်းမျဉ်း စည်းကမ်းများအပြင် ပြည်တွင်းရှိ ဥပဒေနှင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်ရန် စနစ်တကျ အဆင့်ဆင့် ဆောင်ရွက်ကြရပါကြောင်း၊ လုပ်ငန်းများအပေါ် မူတည်၍ အသေးစိတ် ဒီဇိုင်းများရေးဆွဲခြင်း၊ အကြံပေး ငှားရမ်းရန်နှင့် ပစ္စည်းဝယ်ယူရန်တို့အတွက် တင်ဒါခေါ်ယူ ခြင်း၊ ရွေးချယ်စိစစ်ခြင်း စသည်တို့ကို ဆောင်ရွက်ကြရပါ ကြောင်း၊ ထို့ကြောင့် ပစ္စည်းဝယ်ယူရန် မလိုအပ်သော စီမံကိန်းများအတွက် ချေးငွေထုတ်ယူမှုသည် လျင်မြန် သော်လည်း ပစ္စည်းဝယ်ယူခြင်း၊ အကြံပေးငှားရမ်းခြင်းနှင့် တည်ဆောက်ခြင်းတို့ ပါဝင်သည့် စီမံကိန်းများတွင် ထုတ်ယူသုံးစွဲမှုကြန့်ကြာကြသည်ကို တွေ့ရပါကြောင်း။
ယခုအခါ ချေးငွေထုတ်ယူမှု ကြန့်ကြာခြင်းကို ရှောင် ရှားနိုင်ရန် သက်ဆိုင်ရာဌာနများ၌ စီမံကိန်းစီမံခန့်ခွဲသည့် အဖွဲ့များ စနစ်တကျဖွဲ့စည်းခြင်း၊ စီမံကိန်းအကောင် အထည်ဖော်ပြီးစီးမှု အခြေအနေအား စောင့်ကြည့်အကဲ ဖြတ် ကြပ်မတ်ရေးအဖွဲ့တို့အား ဖွဲ့စည်းခြင်း၊ စံသတ်မှတ် သည့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းတို့ကို ဆောင်ရွက် ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က မြန်မာနိုင်ငံ၏ မေခရိုစီးပွားရေးအခြေအနေ၊ ကြွေးမြီ ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ သုံးသပ်ချက်အရ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာနှစ်အထိ ၁ဝ နှစ်ကာလအတွင်း ပြည်ပကြွေးမြီ ပေးဆပ်မှုနှင့် ပြည်ပပို့ကုန် ရငွေအချိုးသည် အများဆုံး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်နှင့် ပြည်ပကြွေးမြီ ပေးဆပ်မှုနှင့် စုစုပေါင်း ရငွေအချိုးသည် အများဆုံး ၆ ဒသမ ၄ ရာခိုင် နှုန်းခန့်ဖြစ်သဖြင့် ကြွေးမြီပြန်လည်ပေးဆပ်နိုင်စွမ်းအား အတွက် စိုးရိမ်ဖွယ်မရှိသည့် အခြေအနေဖြစ်သည်ကို သုံးသပ်ထားပါကြောင်း၊ သာမန်အားဖြင့် ကြွေးမြီပြန်လည် ပေးဆပ်နိုင်စွမ်းသည် နိုင်ငံတော်၏ ရငွေများဖြစ်သော အခွန်အကောက်ရငွေ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း များမှ ရငွေ၊ အခြားရငွေများကို တိုးတက်ကောက်ခံရရှိရေးနှင့် ပြည်တွင်းကျပ်ငွေဖြင့်သာမက နိုင်ငံခြားငွေဖြင့် ဝင်ငွေပိုမို ရရှိရေးနှင့် အသုံးစရိတ်များကို စိစိစစ်စစ် သုံးစွဲနိုင်မှုတို့ အပေါ် အဓိကမူတည်နေပါကြောင်း။
ကြွေးမြီနှင့် ဂျီဒီပီအချိုး (Debt to GDP ratio)တွက်ရာတွင် Present Value နှင့် တွက်ပါကြောင်း၊ ၎င်းRatio ပါDebtဆိုသည်မှာ နှစ်တစ်နှစ်ကုန်ဆုံးသော အချိန်တွင်ရှိသည့် ပေးချေရန်ကျန်ရှိသည့် ပမာဏ (Outstanding) ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ချေးငွေ စာချုပ်ပမာဏအပေါ် မူတည်၍ ချေးငွေထုတ်ယူရပါ ကြောင်း၊ ထုတ်ယူသည့်ပမာဏမှ ပြန်လည်ပေးဆပ်ငွေကို နုတ်ပါက ကြွေးမြီလက်ကျန်(Outstanding/ Balance)ကို ရပါကြောင်း၊ ထို့ကြောင့် ချေးငွေထုတ်ယူသည့် ပမာဏ တစ်ခုတည်းဖြင့် စဉ်းစား၍ မရပါကြောင်း၊ ချေးငွေထုတ်ယူ သည့် ပမာဏများသော်လည်း ချေးငွေပေးဆပ်သည့် ပမာဏမှာ နည်းနေရသည် ဟူသည့် ဆွေးနွေးချက်နှင့် ပတ်သက်၍ ကြွေးမြီပြန်လည်ပေးဆပ်ရာတွင် တစ်နည်းအား ဖြင့် အရင်းပေးဆပ်ခြင်းသည် ချေးငွေစာချုပ်ပါ နှစ်ဖက် သဘောတူထားသည့် စည်းကမ်းချက်များအတိုင်း တစ်နှစ် လျှင် ၂ ရစ် သို့မဟုတ် ၄ ရစ် စသည်ဖြင့် ခွဲ၍ ပေးချေရပါ ကြောင်း၊ ပေးချေရန် စေ့ရောက်သည့် ကာလရောက်မှသာ အရင်းပေးဆပ်ရခြင်းဖြစ်သဖြင့် သူ့အချိန်နှင့်သူလုပ်သွား ရမည့် အလုပ်များဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် အနည်း အများ ရှိနေမည်ဖြစ်ပါကြောင်း။
ပြည်ပချေးငွေ ရယူရာတွင် နိုင်ငံတော်၏မူဝါဒများ၊ အမျိုးသားစီမံကိန်းများ၊ ဦးစားပေးလုပ်ငန်း အစီအစဉ်များ နှင့် လိုအပ်ချက်များကို အခြေခံစဉ်းစားရသည့်အပြင် သက်ဆိုင်ရာ ချေးငွေပေးအပ်မည့် ပြည်ပနိုင်ငံ/ အဖွဲ့ အစည်းများက ကူညီပံ့ပိုးပေးလိုသည့် နယ်ပယ်၊ ကူညီလို သည့်ပမာဏ စသည်တို့နှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရခြင်း ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အအုံများ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်မီး စသည့် ကဏ္ဍများတိုးတက်လာမှုသည် ကုန်ထုတ် လုပ်မှုနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်မည်ဖြစ်ပါကြောင်း။
ယခုအခါ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့(IFAD)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့မှ ချေးငွေများရယူ၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် JICA ချေးငွေဂျပန်ယန်း ၁၅၁၃၅ သန်းရယူ၍ လယ်သမားများနှင့် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာစွာရရှိနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှတစ်ဆင့် လယ်သမားများသို့ ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ တွင် ပါဝင်သော ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုး ရေး၊ ပြည်ပသို့ အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်း ချနိုင်ရေးတို့ကိုလည်း သုံးသပ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်သင့်ပြီး ပြည်တွင်း ဈေးကွက်ဖြင့် လုံလောက်မှုမရှိမှသာ ပြည်ပသို့ ထုတ်ဝေ ခြင်းကို ဆောင်ရွက်သင့်သည်ဟု သုံးသပ်ရပါကြောင်း။
၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်ရှိ ပြည်ပကြွေးမြီ လက်ကျန်အခြေအနေမှာ ၁၉၈၈ ခုနှစ် မတိုင်မီက အမေရိကန်ဒေါ်လာ ၄၂၆၅ ဒသမ ၅၆၇ သန်း၊ ၁၉၈၈- ၁၉၈၉ မှ ၂ဝ၁ဝ-၂ဝ၁၁ အထိ အမေရိကန်ဒေါ်လာ ၂၇၇၂ ဒသမ ၁၁၇ သန်း၊ ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ အထိ အမေရိကန်ဒေါ်လာ ၂၁ဝ၅ ဒသမ ၄ဝ၇ သန်းနှင့် အစိုးရသစ်လက်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၃ဝ သန်း ဖြစ်ပါကြောင်း၊ ၁၉၈၈ ခုနှစ် မတိုင်မီကာလနှင့် ၁၉၈၈-၁၉၈၉ မှ ၂ဝ၁ဝ- ၂ဝ၁၁ ထိ ကာလများတွင် ရယူခဲ့သော ပြည်ပချေးငွေ များမှာ ယခုအခါ ဆိုင်းငံ့ကာလ ကျော်လွန်နေပြီဖြစ်သဖြင့် အရင်းများ ပြန်လည်ပေးဆပ်နေရပြီ ဖြစ်ပါကြောင်း၊ ၂ဝ၁၁- ၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ထိ ကာလတွင် ရယူခဲ့သော ချေးငွေအချို့မှာ ဆိုင်းငံ့ကာလအတွင်းဖြစ်၍ အတိုးများကို သာ ပေးဆပ်နေပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း ရယူခဲ့သော ချေးငွေများမှာလည်း အလားတူ ဖြစ်ပါကြောင်း၊ နိုင်ငံ/အဖွဲ့အစည်းအလိုက်၊ ဝန်ကြီးဌာန အလိုက်၊ အရင်း၊ အတိုးပြန်လည်ပေးဆပ်ရမည့် အစီအစဉ် (Repayment Plan)ကိုလည်း ရေးဆွဲထားရှိပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ တင်ပြရာတွင် ယခင်နှစ် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုချက်များနှင့်အညီ ထပ်မံ ထည့်သွင်းသင့်သည်များကို ထည့်သွင်းတင်ပြထားပါ ကြောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အပြု သဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များနှင့်အညီ နောင်နှစ်များတွင်လည်း ထပ်မံတင်ပြမည့် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာများတွင် ပြည့်စုံ သည်ထက် ပြည့်စုံအောင် ကြိုးပမ်းတင်ပြသွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂ဝ၁၈)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် တောင်ငူ မဲဆန္ဒနယ်မှ ဦးခင်မောင်သန်းက လွှတ်တော်သို့ အဆို တင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်၏ သဘောဆန္ဒကိုရယူ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ကို လွှတ်တော်က မှတ်တမ်း တင်ကြောင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၁ဝ၈)ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့် နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်(သတင်းစဉ်)
No comments:
Post a Comment