Thursday, February 1, 2018

(၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

Image may contain: 2 people, people sitting, screen and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
(၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေးဆပ်ကော်မတီ (19th SCI)အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနနှင့်လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က (၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေး(19th SCI Meeting)ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့သည့်အတွက် အစည်းအဝေးကို အောင် အောင်မြင်မြင်ကျင်းပနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများကို ဖိတ်ကြားပြီး ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပခြင်းဖြစ်ပါကြောင်း။
အာဆီယံ ခေါင်းဆောင်များသည် ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံးထား၍ အာဆီယံအသိုက်အဝန်းတစ်ရပ် (ASEAN Community)ကို စတင်ဖော်ဆောင်ရန် ၂ဝဝ၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီ တွင် ဘာလီကွန်ကောဒ်-၂ (Bali Concord-2) ကြေညာ စာတမ်းကို သဘောတူချမှတ်ခဲ့ကြပါကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ စည်းမျဉ်းစည်းကမ်းအဖြစ် အာဆီယံ ပဋိညာဉ်စာတမ်း (The ASEAN Charter)ကို ၂ဝဝ၇ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် စင်ကာပူနိုင်ငံ၌ လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ပါကြောင်း။
SCI အစည်းအဝေးများတွင် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် မဏ္ဍိုင်အသီးသီးရှိ အစည်းအဝေး များမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် လက်ရှိပြန်ကြားရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လျာထားခြင်း၊ စီမံကိန်းများနှင့် စပ်လျဉ်းသည့် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ (ASEAN Cultural Fund) အကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးညှိနှိုင်းကြခြင်း၊SCI Meetingအလှည့်ကျ ကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းများစသဖြင့် အများသဘောတူညီချက်ဖြင့် ဆွေးနွေးဆုံးဖြတ်ကြပြီး ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ပြန်ကြားရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလေ့ရှိပါကြောင်း။
(၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေးကို မတ် ၅ ရက်မှ ၈ ရက် အထိ ရန်ကုန်မြို့ Sky Star Hotel ၌ ပြန်ကြားရေးဝန်ကြီး ဌာနကကြီးမှူး၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားနိုင်ရေး အတွက် အကြံပြုဆွေးနွေးစရာများရှိပါက ယခုအစည်း အဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးက (၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်း ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဇေယျာက (၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး အောင်မြင်စွာ ကျင်းပရေးလုပ်ငန်းစီမံချက်နှင့် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ ခွဲဝေထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာကြသူများက အစည်းအဝေးသို့ လာရောက်မည့် ကိုယ်စားလှယ်များအား ကြိုဆိုနေရာချထားရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ဖွင့်ပွဲအခမ်းအနားနှင့် အစည်းအဝေးများ ကျင်းပရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ် မှုအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အစည်းအဝေးတက်ရောက်မည့် အာဆီယံကိုယ်စားလှယ် များ သွားလာရေးနှင့် စားသောက်ရေးအဆင်ပြေချောမွေ့ စေရေးအတွက် ကြိုတင်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံ၏ ပုံရိပ်ကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက တက်ညီလက်ညီဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
သတင်းစဉ်

No comments:

Post a Comment