Thursday, January 25, 2018

သြစတြီးယားနိုင်ငံ Unicredit Bankထံမှ ချေးငွေ ယူရို ၅ သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

No automatic alt text available.
နေပြည်တော် ဇန်နဝါရီ ၂၄
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် ခရီး စဉ်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း၏ ရှေ့မှောက်၌ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံ ရသည့် ဦးဟန်ဇော်က ကတိသစ္စာပြုသည်။
ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုး ထွန်းက လွှတ်တော်သို့တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သြစတြီးယားနိုင်ငံ Unicredit Bankု ထံမှ ချေးငွေယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြ သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်တွင်းရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ဖက်စပ်ထုတ်လုပ်သည့်J & M Steelကုမ္ပဏီမှ ထုတ်လုပ်သော သံပေါင်များဖြင့် တည်ဆောက်ထားသည့် ဟုမ္မလင်းတံတားတွင် သံပေါင်ဈေးနှုန်းမှာ တစ်ပေလျှင် ငွေကျပ် ၄ ဒသမ ၃၆ သန်း၊ ဂျပန်နည်းပညာဖြင့် တည် ဆောက်ဖွင့်လှစ်သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)၏ သံပေါင်ဈေးနှုန်းမှာ တစ်ပေလျှင် ငွေကျပ် ၄ ဒသမ ၁၆ သန်းခန့် ကုန်ကျခဲ့ပါကြောင်း၊ ယခု သြစတြီး ယား နည်းပညာဖြင့် တည်ဆောက်မည့် ကင်းချောင်းတံတား ၏ သံပေါင်ဈေးနှုန်းမှာ တစ်ပေလျှင် ငွေကျပ် ၅ ဒသမ ၄၅ သန်းရှိ၍ ဖော်ပြပါတန်ဖိုးများနှင့် နှိုင်းယှဉ်ကြည့်ပါက ၂၅ ရာခိုင်နှုန်းခန့် ပိုမိုသည်ကို တွေ့ရပါကြောင်း။
သို့ရာတွင် ဥရောပနိုင်ငံမှ ထုတ်လုပ်သော သံပေါင် များသည် သံမဏိအရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊ တစ်ပေတွင်ရှိရမည့် သံပေါင်အလေးချိန် ပိုများခြင်း၊ ဒီဇိုင်း အရ ပိုမိုကောင်းမွန်ခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ သံပေါင် တွင် သုံးစွဲထားသော သုတ်ဆေးများသည် ဥရောပ စံချိန် စံညွှန်းဖြင့် ဆောင်ရွက်ထားသည့်အတွက် အာရှနိုင်ငံထုတ် သံပေါင်များထက် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ပါ ကြောင်း။
ရခိုင်ပြည်နယ် မောင်တောမြို့အနီးတွင် ၁၉၂ဝ ပြည့်နှစ်က တည်ဆောက်ခဲ့သော ပန်းတော်ပြင်တံတားသည် ဥရောပသံပေါင်များကို အသုံးပြုထားပြီး ယနေ့အထိ အသုံးပြုနိုင်သည့်အတွက်Life Cycle Cost အရ တွက် ကြည့်ပါက ပိုမိုတွက်ခြေကိုက်သည်ကို တွေ့ရပါကြောင်း၊ လက်ရှိ ငွေလဲလှယ်မှုနှုန်းထားနှင့် တွက်ချက်မှုအရ အာရှ ဒေသရှိ သံပေါင်ဈေးနှုန်းများထက် မြင့်မားသော်လည်း ထိန်းသိမ်းစရိတ်နည်းပါးပြီး ရေရှည်အသုံးပြုနိုင်သည့် ဥရောပနည်းပညာသုံး သံပေါင်များကို အသုံးပြုခြင်းဖြင့် ဥရောပသံပေါင်တပ်ဆင်မှုနည်းပညာအား မြန်မာအင်ဂျင် နီယာများက ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကင်းချောင်း တံတားသည် ပင်လယ်ဝ၌တည်ရှိပြီး ဆားငန်ရည်နှင့် အမြဲ ထိတွေ့နေသော နေရာဖြစ်သည့်အတွက် တာရှည်ခံပြီး သဘာဝရာသီဥတုဒဏ်ခံနိုင်သော သံမဏိသားနှင့် စံချိန် စံညွှန်း ပိုမိုကောင်းမွန်သော သုတ်ဆေးကို အသုံးပြုသည့် ဥရောပနိုင်ငံထုတ်သံပေါင်ကို အသုံးပြုလိုခြင်းဖြစ်ပါ ကြောင်း။
တံတားများကို ဌာနအဖွဲ့များနှင့် တည်ဆောက်သည့် နေရာတွင် ဘိလပ်မြေ၊ ကျောက်၊ သဲ၊ သစ် စသည်တို့ကို လုပ်ငန်းခွင်၌ တင်ဒါခေါ်ယူဆောင်ရွက်ပြီး အရေးကြီးသည့်Reinforcing Bar များကို ရုံးချုပ်မှ စံချိန်စံညွှန်းများ သတ်မှတ်စိစစ်ပြီး တင်ဒါခေါ်ယူ၍ ဖြန့်ဝေပေးခြင်းဖြစ်ပါ ကြောင်း။
ရခိုင်ပြည်နယ်အတွင်း တံတားတည်ဆောက်ရာတွင် ဒေသအလိုက် တစ်ပေဈေးနှုန်း ကွာခြားမှုအား ဆွေးနွေး ကြသည်ကို တွေ့ရပါကြောင်း၊ တံတား၏ တစ်ပေစံနှုန်းများ သည် တည်ဆောက်သည့် နယ်မြေအခြေအနေသာမက မြေအမျိုးအစားအပေါ် မူတည်ပြီး Foundation Depth အနည်းအများ၊ တံတားအမြင့်နှင့ှ်Span Length များ အပေါ် မူတည်ပြီး ကွာခြားမှုရှိပါကြောင်း၊ တံတားဒီဇိုင်း အပေါ်မူတည်ပြီး ဒေသတစ်ခုတည်းတွင် တံတား၏စံနှုန်း သည် ကွဲပြားနိုင်ပါကြောင်း၊Span Lengthရှည်သည်နှင့် အမျှ တံတားတန်ဖိုးများပြားသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ နောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းဖော်ပြသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ချေးငွေယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သော ရောဂါများကာကွယ်နိုင် ရန် ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနထူထောင်ရေး သဘောတူညီချက်အား အတည်ပြုပါဝင်ရန်နှင့် နှစ်စဉ် ကြေး ထည့်ဝင်ရန်ကိစ္စ နှင့်စပ်လျဉ်း၍ သံဖြူဇရပ်မဲဆန္ဒနယ် မှ ဦးဥာဏ်ဟိန်း၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ သန်းအောင်စိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာနော်ခရစ္စထွန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်း သောင်း၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ရှားမီး၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်နှင့် ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းတို့က ထောက်ခံအကြံပြု ဆွေးနွေးကြသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းက အာဆီယံဒေသတွင်းရှိ တိရစ္ဆာန်များ၏ ကျန်းမာရေး၊ တိရစ္ဆာန်မှ လူသို့ကူးစက်သည့် ရောဂါ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်ပါကြောင်း၊ လူတွင် ဖြစ်သည့် ရောဂါ ၆ဝ ရာခိုင်နှုန်းကျော်သည် တိရစ္ဆာန်များမှ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် တိရစ္ဆာန်ကျန်းမာရေး၊ တိရစ္ဆာန်မှ လူသို့ကူးစက် နိုင်သော ရောဂါများ ကာကွယ်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ကြီး(OIE)တို့မှ ချမှတ်ထားသော Guide Line များကို အခြေခံပြီး တိရစ္ဆာန်ကျန်းမာရေး၊ လူထု ကျန်းမာရေး၊ စီးပွားရေး စသည်တို့ကို ရေရှည်တိုးတက် မြင့်မားအောင် မူဝါဒများချမှတ်ရန် လိုအပ်ပါကြောင်း။
တိရစ္ဆာန်တို့၏ ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တိရစ္ဆာန် အသားများနှင့် ဥများကို သေချာစစ်ဆေးပြီး တရားမဝင် သည်များကို အရေးယူရန် လိုအပ်သကဲ့သို့ ကာကွယ်ကုသ ဆေးများ လုံလောက်စွာဖြန့်ဖြူးရန် ညှိနှိုင်းအကူအညီပေးရ မည်ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာပညာရှင်များ ဖိတ်ကြား ပြီး လူထုပညာပေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်သင့်ပါ ကြောင်း၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်တားဆီးရေးလုပ်ငန်း များသည် အဂတိတရားများ ကင်းရှင်းမှသာ ယခု လုပ်ငန်း စဉ်သည် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ (၁/၂ဝ၁၈) နှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ မအူပင်မဲဆန္ဒ နယ်မှ ဦးစိန်ဝင်း၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ထောက်ခံအကြံပြု ဆွေးနွေး ကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က ပြည်တွင်းချေးငွေများအတွက် ယခင်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုသာ အားထားခဲ့ရပြီး ယခုအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပြင် အစိုးရငွေတိုက်စာချုပ် နှင့် ငွေတိုက်လက်မှတ်များကို ဈေးပြိုင်လေလံစနစ်နှင့် ရောင်းချခြင်းဖြင့် ဘတ်ဂျက်လိုငွေများ ဖြည့်ဆည်းနေသည် ကို တွေ့ရှိရပါကြောင်း။
ယခုကဲ့သို့ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် အစိုးရငွေ တိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ် လေလံတင်ရောင်း ချခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖော်ဆောင်နေ သည့် ဈေးကွက်က ပြဋ္ဌာန်းသည့် အတိုးနှုန်းဖြစ်ပေါ်ရန် အထောက်အကူဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်၌ လာရောက်အပ်နှံငွေများ အတွက် ၈ ရာခိုင်နှုန်းထက် မနည်းသော ဘဏ်ထုတ်ချေးငွေ များအတွက် ၁၃ ရာခိုင်နှုန်းထက် မပိုသော အတိုးနှုန်းများ ဖြင့် ထုတ်ချေးရန် သတ်မှတ်ထားသည့်အတွက် အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချရသည့် ကူပွန်နှုန်းသည် အစီရင်ခံစာအရ အစိုးရငွေတိုက်စာချုပ်များ အတွက် ကူပွန်နှုန်း ၉ ရာခိုင်နှုန်း၊ ၉ ဒသမ ၂၅ ရာခိုင်နှုန်း နှင့် ၉ ဒသမ ၅ ရာခိုင်နှုန်းတို့အထိ အတိုးနှုန်းမြင့်မား နေခြင်း ဖြစ်ပါကြောင်း။
ယခုအခြေအနေတွင် အစိုးရအနေဖြင့် ဘဏ်တိုးနှုန်း များ လျှော့ချပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်တွင်အပ်နှံသည့် အတိုးနှုန်းကို ၈ ရာခိုင် နှုန်းမှ ၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဘဏ်မှချေးယူငွေ များအတွက် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၁၁ ရာခိုင် နှုန်းသို့လည်းကောင်း ပြောင်းလဲသတ်မှတ်ပေးပါက ဘဏ်၌ ငွေစုသူများအား မထိခိုက်ဘဲ နိုင်ငံတော်၏ အတိုးနှုန်း ကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
ထိုကဲ့သို့ အတိုးနှုန်းအား ၈ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင် နှုန်း အစား ၇ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် လက်ရှိရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတုံ့ဆိုင်းနေခြင်းကို တစ်ဖက်တစ်လမ်းက ကုစား ပေးနိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများ၏ မတည်ရင်းနှီး မှုအတွက် ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment