Tuesday, January 30, 2018

မြေပုံ-ကံသာ-ကပိုင် လမ်းပေါ်ရှိ ပြွန်ရှည်ချောင်းအား သံကူကွန်ကရစ်တံတား တည်ဆောက်ပေးသွားမည်

Image may contain: indoor
နေပြည်တော် ဇန်နဝါရီ ၂၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပရာ မေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက် ကြသည်။
အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ မြေပုံ-ကံသာ-ကပိုင် လမ်းပေါ်ရှိ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်း သီးခြားစီတည်ရှိသော လမ်းဖြတ်နှစ်ခုအား ဆက်သွယ်ပေးမည့် ပြွန်ရှည်ချောင်း ချောင်းကူးတံတား အား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး လမ်းသစ်ဖောက် လုပ်ခြင်း၊ တံတားအသစ် တည်ဆောက်ခြင်းတို့ကို ဦးစားပေးအစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြေပုံ-ကံသာ-ကပိုင် လမ်းပေါ်ရှိ ပြွန်ရှည်ချောင်းအား အရှည်ပေ ၈၈ဝ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက် ရန် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ ၆ လ ဘတ်ဂျက်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၂ဝဝ ဒသမ ဝဝ သန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၅ဝ ဒသမ ဝဝ သန်းဖြင့် ရန်ပုံငွေ လျာထားတင်ပြတောင်းခံထားပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့မှ တောင်ကြီးမြို့ သို့သွားသည့် ပြည်ထောင်စုကားလမ်းအပိုင်းB.O.Tစနစ်ဖြင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ခေါက်နွဲ့တောင် အတက်အဆင်း ကားလမ်းပိုင်း ပြုပြင်တည်ဆောက်မှု လမ်းအူကြောင်းအသစ် ရှာဖွေတည် ဆောက်ခြင်း အစီအစဉ်များ ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ် လမ်းပေါ်ရှိ တောင်ကြီး-လွိုင်လင်အပိုင်း မိုင် ၆ဝ ကို နေမင်းရောင် ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမှ ဟိုပုံးအထိ တောင်ကြီးမြို့တွင်းနှင့် ဟိုပုံးမြို့တွင်း AC ခင်းခြင်း၊ ဟိုပုံးမှ ထန်ဆန်းအထိ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းကို ၂ဝ၁၈ ခုနှစ် ဇွန်လတွင် ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ရန် ကုမ္ပဏီအား ညွှန်ကြားထား ပြီးဖြစ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
တောင်ကြီးမြို့မှ လွိုင်လင်မြို့သို့ သွားသည့် လမ်းအပိုင်းရှိ ခေါက်နွဲ့တောင် အတက်အဆင်း လမ်းသည် ၁၉ ကီလိုမီတာရှိပြီး နေမင်းရောင်ကုမ္ပဏီမှ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၁၉ ကီလိုမီတာ၊ ၁ဝ ဒသမ ၃၆ မီတာအကျယ် မြေသားတာပေါင်ချဲ့ခြင်း ၁ ဒသမ ၈၁ ကီလိုမီတာ၊ ကွန်ကရစ် အကာအကွယ်တိုင် ၆၈ဝ တိုင် စိုက်ထူခြင်း၊Aluminium Guard Rail ၁၂၁၉ မီတာတပ်ဆင်ခြင်း၊ လမ်းအန္တရာယ် သတိပေးလမ်းညွှန်ဆိုင်းဘုတ် ၆၄ ခု တပ်ဆင်ခြင်း၊ မြေကာနံရံ တည်ဆောက်ခြင်း ၃၆ ဒသမ ၅၇ မီတာ စသည့်လုပ်ငန်းများအား နှစ်အလိုက် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ခေါက်နွဲ့တောင်ကြော အတက်အဆင်း လမ်းအပိုင်းရှိ ကျောက်တောင် လမ်းကျဉ်းနေရာများ ချဲ့ခြင်း ၇ ဒသမ ၃၁ မီတာအကျယ်နှင့် ကတ္တရာလမ်းချဲ့ခြင်း များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့အတူ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် ပေါင်းတည်မဲဆန္ဒနယ်မှ ဦးအေးမင်းအောင်(ခ) ဦးမင်းမင်းတို့ ၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေးက ''ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် တင်ဒါ များအား ခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းများ ၏ သယ်ယူပို့ဆောင်ခ စရိတ်များနှင့် နည်းပညာအရ ဝန်ကြီးဌာနမှ လုပ်ဆောင် ရန် မလိုသော လုပ်ငန်းတစ်ခုလုံးအပြီး ဆောင်ရွက်ရသည့် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကန်ထရိုက်ရ တင်ဒါအောင်မြင်သူ တစ်ဦးကဲ့သို့ လုပ်ကိုင် ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကွဲလွဲစွာ ဆောင်ရွက်နေခြင်းတို့ကို အမြန်ဆုံးလိုက်နာဆောင်ရွက်ရန်နှင့် တင်ဒါပေးရာ တွင် ဒေသနှင့်ကိုက်ညီသော ပြီးပြည့်စုံသည့် လုပ်ငန်းပုံစံ (Drawing)များနှင့် တွက်ချက်မှု(Estimate)များကို သက်ဆိုင်ရာဝန်ကြီးဌာနမှသာ တာဝန်ယူ ဆောင်ရွက်ပေးပြီး ဈေးနှုန်း (Rate)များကို တင်ဒါဆွဲမည့် ကုမ္ပဏီများကို ထည့်သွင်းရေးဆွဲစေခြင်းဖြင့် မျှတစွာ ယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန်'' အဆိုတင်သွင်းရာ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောက ထောက်ခံ ဆွေးနွေးသည်။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောက အဆိုအား ထောက်ခံဆွေးနွေး ရာတွင် အဆိုရှင် တင်ပြသွားသည့်အတိုင်း လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်း များ သယ်ယူပို့ဆောင်စရိတ်များကို တစ်ဦးတည်းပိုင်ပြုလုပ်ခြင်း၊ လိုအပ်သော ကျောက်များကို အထိုင်စနစ်ဖြင့်သာ ဝယ်ယူခြင်း၊ မြေသားလမ်းများ ဖောက်လုပ်ခြင်း စသည်တို့ကို တင်ဒါမခေါ်ဘဲ ဌာနမှ လုပ်ကိုင်ဆောင်ရွက်နေ ခြင်းသည် လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကွဲလွဲနေပြီး နိုင်ငံတော်အတွက် ဓာတ်သတ္တုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တို့ ဆုံးရှုံးနစ်နာပါကြောင်း၊ လေလွင့် ဆုံးရှုံးနေသည့် ယင်းငွေများကို လုပ်ငန်းများ ပိုမိုဖော်ဆောင်ပေးနိုင်ရန်၊ အခွန် ဘဏ္ဍာ ပိုမိုတိုးတက်ရရှိရန် ယခုလက်ရှိ ဘဏ္ဍာရေးနှစ်မှ အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်ရန် ၂ဝ၁၈ ခုနှစ် ၆ လ ဘတ်ဂျက်ပါ လုပ်ငန်းများတွင် စတင် ကျင့်သုံးရန် လိုအပ်နေပါကြောင်း။
တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များကို ကန်ထရိုက်လုပ်ငန်း လုပ်ကိုင် ခွင့်ရသည့် ကုမ္ပဏီများက လိုက်နာရသကဲ့သို့ ဌာနဆိုင်ရာဘက်ကလည်း ပိုမို လိုက်နာကြရန် လိုအပ်နေပါကြောင်း၊ တင်ဒါနှင့်သက်ဆိုင်သော လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သက်ရောက်လွှမ်းခြုံမှုရှိသည့် ညွှန်ကြားချက်မျိုးဖြစ်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဌာနအကျိုးကိုသာ ရှေးရှုနေသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖျက်သိမ်းသင့်ပါကြောင်း၊ Estimate ၊ Drawing နှင့် ပစ္စည်းအမျိုးအစား စံနှုန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနကသာ တွက်ချက်တာဝန်ယူ ဆောင်ရွက် စေပြီး ဈေးနှုန်းများကို တင်ဒါဆွဲမည့် ကုမ္ပဏီများသည် ထည့်သွင်းရေးဆွဲခြင်း ဖြင့် မျှတသော ယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ပစ္စည်း အမျိုးအစား စံနှုန်းသတ်မှတ်ထားခြင်း မရှိသည့်အတွက် ဘတ်ဂျက်စိစစ်ရာတွင် လည်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် လည်းကောင်း အခက်အခဲများ၊ ပြဿနာများနှင့် ကြုံတွေ့နေရပါကြောင်း ဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသည့် ''စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြု ချက်ရယူပြီး အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြု ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ဇန်နဝါရီလ ၃ဝ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment