Saturday, January 27, 2018

မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုရှိ ကျေးရွာလေးရွာအား ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်

Image may contain: 1 person, indoorနေပြည်တော် ဇန်နဝါရီ ၂၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟ ကျော်၏ လွှတ်တော်ကိုယ်စားလှယ်ရုံးများကို မည်သည့် ကာလတွင် စတင်ဖွင့်လှစ်ပေးမည်၊ နေရာထိုင်ခင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များအား လွှတ်တော်ရုံးမှ ကျခံဆောင်ရွက်ပေးရန် မည်သို့စီမံထားသည်ကိုသိရှိလို ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လွှတ်တော်အခွင့်အရေး ကော်မတီဝင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာ လှမိုးက လွှတ်တော်ကိုယ်စားလှယ်ရုံးများကို လွှတ်တော်မှ တာဝန်ယူဖွင့်လှစ်ပေးမည်ဆိုပါက မဲဆန္ဒနယ်ပေါင်း ၃၃ဝ အတွက် နေရာရှာဖွေရခြင်း၊ အဆောက်အအုံ ဆောက်လုပ် ခြင်း၊ ရုံးလုပ်ငန်းအတွက် အသုံးအဆောင်များ ဖြည့်တင်း ဆောင်ရွက်ရခြင်း၊ ရုံးဝန်ထမ်းများ ခန့်အပ်ခြင်းများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လုပ်ငန်းပမာဏကြီးမား၍ ဘဏ္ဍာငွေအမြောက်အမြား သုံးစွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များသိရှိသည့်အတိုင်း ဘဏ္ဍာငွေအခက်အခဲရှိလာ နိုင်ပါကြောင်း၊ ထို့ကြောင့် လတ်တလောတွင် လွှတ်တော် ကိုယ်စားလှယ်ရုံးများကို လွှတ်တော်မှ တာဝန်ယူဖွင့်လှစ် ပေးရန် အစီအစဉ် မရှိသေးပါကြောင်း၊ လွှတ်တော်ရုံး အတွက် နေရာထိုင်ခင်းနှင့် ရုံးလုပ်ငန်းကုန်ကျစရိတ်များ ကိုလည်း ကျခံဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။
မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူးမြို့ မန်းတာ ဘိုင်ဓာတ်အားပေးစက်ရုံတွင် နှစ်ကာလကြာမြင့်နေပြီဖြစ် သော OCB Feeder များအစား အရည်အသွေးပြည့်ဝ ကောင်းမွန်သော OCB Feeder အသစ်များလဲပေးရန်၊ မင်းဘူးမြို့နှင့်ထောက်ရှာပင် ရေနံမြေနှစ်လိုင်းတွဲမှ မင်းဘူး မြို့ကို သီးခြား 1 Feeder ထုတ်ပေးရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မေးခွန်းပါ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆင်ပြေစေရန်အတွက် ထောက်ရှာပင် ရေနံမြေဓာတ် အားလိုင်းနှင့် တွဲဖက်မထားဘဲ မင်းဘူးမြို့အား ၃၃ ကေဗွီ ဓာတ်အားလိုင်း သီးသန့်ဖီဒါ တည်ဆောက်၍ ဓာတ်အားပို့ လွှတ်နိုင်ရန် မန်းသဘာဝဓာတ်ငွေ့သုံး စက်ရုံဝင်းအတွင်း၌ ၃၃ ကေဗွီ Outgoing Switch Bayအသစ်တစ်စုံနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းအသစ် ဝ ဒသမ ၂ မိုင် တည် ဆောက်ခြင်းလုပ်ငန်းအား ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ ခြောက်လ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် မန်းဓာတ်အားပေးစက်ရုံရှိ OCB Feeder များအားGas Circuit Breaker များဖြင့် လဲလှယ်ခြင်းလုပ်ငန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတို့တွင် ထည့်သွင်းလျာထား တောင်းခံပေးသွင်းမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုရှိ လျှပ်စစ်မီးမရရှိသေးသော နောင် လွန်း၊ နောင်လေ၊ မိုက်ပုတ်၊ ဆန်ကွယ်နောင်ချိုကျေးရွာ လေးရွာအား ၃၃ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူး ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က မေးခွန်းပါ ကျေးရွာလေးရွာ ဓာတ်အားရရှိရေးအတွက် မိုင်းပန်-နောင်လေ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၃၃ မိုင် တည်ဆောက်ခြင်းနှင့် နောင်လေ ကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ အသစ်တစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ဌာနအနေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ငါးနှစ် စီမံကိန်း၏ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည် ဖြစ်ပါ ကြောင်း။
နောင်လေဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုရှိ နောင်လွန်း၊ နောင်လေ၊ မိုက်ပုတ်၊ ဆန်ကွယ်နောင်ချို စသည့် ကျေးရွာလေးရွာအား ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ ကေဗွီဓာတ်အား လိုင်းနှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများအား သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့အတူ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်းတို့၏ လွှတ်တော်ရေးရာနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည် ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တင်သွင်းရာတွင် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် (၈/၁၉၉၆)ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အခြားသက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများဖြင့် အကြိမ်ကြိမ် ညှိနှိုင်းပြင်ဆင်ရေးဆွဲ ခဲ့ပါကြောင်း။
ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ (၈/၁၉၉၆)ကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)၏ ရည်ရွယ်ချက်များမှာ ရုပ်ရှင်ဥပဒေအဖြစ် အသစ်ပြန်လည်ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးဆွဲလျက်ရှိရာ အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးမီ တည်ဆဲဥပဒေဖြစ် သော ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ(၈/၁၉၉၆)သည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ ခြင်း၊ နိုင်ငံတကာရုပ်ရှင်ဥပဒေများနှင့် ဆီလျော်မှုမရှိခြင်း၊ နိုင်ငံတကာတွင် ရုပ်ရှင်/ဗီဒီယိုဟူ၍ ခွဲခြားထားမှုမရှိခြင်း၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်ရန်လိုအပ်လာသည့် အခြေအနေများအရ ရုပ်ရှင်ဥပဒေအား အသစ်ရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ ဗီဒီယိုလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ဥပဒေနှင့်အညီ ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ် ခြင်း၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ(၈/၁၉၉၆)ပါ ပြဋ္ဌာန်း ချက်များမှ ပြစ်ဒဏ်များကို တိုးမြှင့်ရန်လိုအပ်ခြင်းတို့ ဖြစ် ပါကြောင်း လွှတ်တော်သို့ တင်သွင်းသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် သာကေတမဲဆန္ဒနယ်မှ ဒေါက်တာဝေဖြိုးအောင်က ဖတ်ကြားတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပ သွားရန် လျာထားကြောင်း သိရသည်။
မီမီဖြိုး

No comments:

Post a Comment