Monday, January 1, 2018

၂ဝ၁၈ ခုနှစ်အတွက် ဘာသာပေါင်းစုံ နှစ်သစ်ဆုတောင်းစကားများ

Image may contain: 1 person, closeup and outdoor
ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်
ကာဒီနယ်ချားလ်စ်မောင်ဘို( DD.SDB)
၂ဝ၁၈ ခုနှစ် နှစ်သစ်ဖြစ်တဲ့အတိုင်းပဲ ကျွန်ုပ်တို့အားလုံးဟာ စိတ်သစ် ကိုယ်သစ်၊ ကျေးဇူးတော်အသစ်နဲ့ဒီနှစ်သစ်ကူးကို ကျွန်ုပ်တို့စရမယ်။ စိတ်သစ် ကိုယ်သစ်ဖြစ်နိုင်ဖို့ရန်အတွက် အတိတ်ကိုပဲဆုပ်ကိုင်ပြီး နေကြမယ်ဆိုရင် အနာဂတ် မရှိနိုင်ဘူး။ အတိတ်ကဖြစ်ခဲ့တဲ့ဟာတွေ ပဋိပက္ခတွေအားလုံးကို ကျွန်ုပ်တို့ဟာ ခွင့်လွှတ်နိုင်ပြီးတဲ့နောက် အနာဂတ်ကို နှစ်သစ် ၂ဝ၁၈ ခုနှစ်မှာ လူမျိုးမရွေး၊ ဘာသာမရွေး လေးစားနိုင်ပြီး အတူတူနေနိုင်တဲ့၊ မတူခြားနားတာထဲမှာ စည်းလုံး နိုင်တယ်။ မတူခြားနားခြင်းဟာ အန္တရာယ်မဟုတ်ဘဲနဲ့ ကျွန်ုပ်တို့အတွက် ခွန်အားဖြစ်တယ်။
ကျွန်ုပ်တို့တိုင်းပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိပါတယ်။ ဘာသာပေါင်းစုံ လည်း ရှိပါတယ်။ ဘာသာတိုင်းဟာလည်းပဲ မေတ္တာတရားဆောင်တဲ့ မေတ္တာ တရားနဲ့ အေးချမ်းသာယာပြီး နေထိုင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်ုပ်တို့အားလုံး ဟာ မေတ္တာတရားကိုသာ လက်ကိုင်ထားကြဖို့၊ အမုန်းတရား၊ အမုန်းစကား တွေကို ပယ်ရှားနိုင်ပြီးတော့ လူတိုင်းကို ကိုယ့်ရဲ့ညီအစ်ကို မောင်နှမလိုပဲ သဘောထားနိုင်ပြီး နေသွားနိုင်ကြဖို့ရန်အတွက် ဒီနှစ်သစ်ကစလို့ အေးအေး ချမ်းချမ်းနဲ့ နေနိုင်ပါစေ၊ ဘယ်သူ့ကိုပဲတွေ့တွေ့ အားလုံးဟာ ညီအစ်ကို မောင်နှမဖြစ်ကြတယ်ဆိုတဲ့ မိသားစုစိတ်ဓာတ်များ ထားနိုင်ကြပါစေလို့ ဆုတောင်း ပါတယ်။
သိက္ခာတော်ရဒေါက်တာရန်ခိုပေါင်(အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်)
နှစ်သစ်မှာ အဓိကဦးစားပေးအနေနဲ့ မျှော်လင့်တာက ငြိမ်းချမ်းရေးပါပဲ။ တိုင်းသူပြည်သားတွေ ငြိမ်းချမ်းဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တကယ်ပဲကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီးတော့ ကမ္ဘာရဲ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ဦးဆောင်မှုအခန်းကဏ္ဍရရှိဖို့အတွက် ငြိမ်းချမ်းရေးက အဓိကပါပဲ။ အဲဒီအတွက် မျှော်လင့်ပါတယ်။
ဒေါက်တာလှထွန်း(အကျိုးတော်ဆောင်၊မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်)
၂ဝ၁၈ ခုနှစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား ညီအစ်ကိုမောင်နှမတွေ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊ ဘက်စုံဖွံ့ဖြိုးတိုးတက် နိုင်ပါစေလို့ ဟိန္ဒူဘာသာရေးအဖွဲ့က ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ဦးတင်ကြိုင်(ဘဟာအီသာသနာနိုင်ငံလုံးဆိုင်ရာအဖွဲ့ချုပ်)
လက်ရှိမြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုတွေက အတိုင်းအတာတစ်ခုနဲ့ တိုးတက်နေတာတွေ တွေ့မြင်နေရပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက အချို့သောအကြောင်းတရားတွေမှာ ပါဝင်ဆောင်ရွက်နေတာလည်း ကျွန်တော်တို့ သိသာမြင်သာတဲ့အတိုင်းအတာ တစ်ခုရောက်လာပါပြီ။ သို့သော်လည်း လုံလောက်တဲ့ အနေအထားတစ်ခု အထိတော့ မရောက်သေးပါဘူး။ အားလုံးသောသူတွေက လက်နက်ကိုင် တိုက်ခိုက်နေမယ့်အစား တစ်ယောက်နဲ့တစ်ယောက် လက်ချင်းတွဲပြီး ချစ်ခြင်း မေတ္တာတရားနဲ့ ရင်ထဲကရှိတဲ့အကြောင်းတရားတွေကို ပွင့်လင်းစွာနဲ့ ဆွေးနွေး တိုင်ပင်၊ ညှိနှိုင်းကြမယ်ဆိုရင် လောကကြီးမှာ မပြေလည်နိုင်စရာအကြောင်း မရှိဘူးလို့ ခံယူထားပါတယ်။ ဘဟာအီသာသနာဝင်များကလည်း နိုင်ငံတော် အတွင်းမှာရှိတဲ့ နိုင်ငံ့အဖွဲ့အစည်းအသီးသီးနဲ့ တွေ့တဲ့အခါမှာ ငြိမ်းချမ်းဖို့၊ မေတ္တာတရား အားလုံးကိုထားကြဖို့၊ မေတ္တာတရားနဲ့ပတ်သက်တဲ့ အကြောင်းကို နားလည်သဘောပေါက်အောင် ညှိနှိုင်းပြီး ဘဟာအီများကလည်း ငြိမ်းချမ်း သာယာသောကမ္ဘာကို တည်ဆောက်ဖို့အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ မိမိမှာရှိတဲ့ လက်သီးတွေ ဆုပ်ထားမယ့်အစား လက်သီးဆုပ်တွေဖြန့် လက်ချင်းဆက် လက်ချင်းတွဲအလုပ်လုပ် ကြမယ်ဆိုရင်
မကြာခင်အတွင်းမှာ မြန်မာနိုင်ငံတော်ကြီးက ဖွံ့ဖြိုးတိုးတက် သာယာလှပပြီးတော့ နိုင်ငံတကာရဲ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားလွှင့်နိုင်တဲ့ အောင်လံတံခွန်ကို ရရှိမယ်လို့ ဘဟာအီသာသနာဝင်များက ဒီလိုယုံကြည်ပါ တယ်။ နိုင်ငံတော်အစိုးရရဲ့အပေါ်မှာလည်း ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ အဖြာဖြာကျရောက်ပါစေ။ ပြည်ထောင်စုဖွားတိုင်းရင်သား ညီအစ်ကိုမောင်နှမတွေ အပေါ်မှာလည်း ကောင်းချီးမင်္ဂလာအဖြာဖြာ ဘုရားသခင်ရဲ့ဆုပေးခြင်းကို ရရှိကြပါစေ။ မြန်မာနိုင်ငံအတွင်းရှိသော ညီအစ်ကိုမောင်နှမတွေအားလုံး သာယာဝပြောတဲ့ လူ့ဘောင်သစ်ကြီးကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူသားကမ္ဘာကို တည်ဆောက်နိုင်သောသူများ ဖြစ်ပါစေလို့ နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်ကိုယ်စား မေတ္တာစကားပြောကြားရင်းအားလုံး သော ပြည်သူပြည်သားတွေ ကျန်းမာချမ်းသာကြပါစေလို့ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ လောကီလောကုတ္တရာ နှစ်ဖြာသောအကြောင်းတရားတွေနဲ့ ရရှိခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဂျွန်စောယောဟန်[လက်ထောက်ဆရာတော်၊ ကက်သလစ်အသင်းတော်(ရန်ကုန်)]
ပိုပြီးငြိမ်းချမ်းတဲ့ မြန်မာပြည်၊ တစ်ဦးနဲ့တစ်ဦး စည်းလုံးညီညွတ်တဲ့ မြန်မာပြည်၊ ကမ္ဘာ့အလယ်မှာ ရင်ပေါင်တန်းနိုင်တဲ့ မြန်မာပြည်ကြီးဖြစ်ဖို့ ဆုတောင်း ပေးပါတယ်။
ဦးပက်ထရစ်လူနီ(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ)
မြန်မာတင်မက တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံးလိုအပ်တာကတော့ ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ ငြိမ်းချမ်းသာယာဝပြောဖို့အတွက် အထူးဆုတောင်း ပါတယ်။ ငြိမ်းချမ်းမှပဲ သာယာဝပြောမယ်၊ တိုးတက်မယ်၊ အောင်မြင်မယ်၊ ဘယ်နိုင်ငံမဆို ကြည့်လိုက်ရင် ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ဆက်ပြီးတိုးတက် ဖြစ်ထွန်းဖို့ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် တိုးတက်သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့အတွက် အထူးသဖြင့် မြန်မာနိုင်ငံမှာဖြစ်တည်နေတဲ့ အရာအားလုံး တကယ်ချုပ်ငြိမ်းသွားကာ ငြိမ်းချမ်းသာယာဝပြောပြီး ၂ဝ၁၈ ခုနှစ်မှာ အောင်မြင်မှုများ ရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သီသီမင်း၊ နန္ဒာဝင်း၊ ဝင်းဝင်းမော်

No comments:

Post a Comment