Friday, January 26, 2018

ကဘူးမြို့ ဟိုတယ်တိုက်ခိုက်ခံရမှုတွင် အမေရိကန်နိုင်ငံသား လေးဦး သေဆုံး

Image may contain: one or more people, mountain and outdoor
ဝါရှင်တန် ဇန်နဝါရီ ၂၅
လွန်ခဲ့သည့် ရက်သတ္တပတ်ကုန်က အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးရှိ ဟိုတယ်တစ်လုံးကို စစ်သွေးကြှများက တိုက်ခိုက်ခဲ့မှုအတွင်း အမေရိကန်နိုင်ငံသား လေးဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားသည်။
ကဘူးမြို့ရှိ အင်တာကွန်တီနင်တယ်ဟိုတယ်ကို ဇန်နဝါရီ ၂ဝ ရက်က အကြမ်းဖက်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက် ၍ အမေရိကန်က ပြင်းထန်စွာရှုတ်ချကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသားလေးဦးသေဆုံးခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု မိမိတို့အတည်ပြုနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနုရက်၏ကြေညာချက်တွင် ဖော်ပြသည်။
လူအသေအပျောက်များပြားသည့် ယင်းတိုက်ခိုက်မှုတွင် နိုင်ငံခြားသား ၁၄ ဦးအပါအဝင် လူ ၁၈ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန်တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားသည်။ အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားငါးဦးစလုံးကို အသေဖမ်းဆီးရမိခဲ့သည်။
ဇန်နဝါရီ ၂ဝ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ယင်းဟိုတယ်တိုက်ခိုက်မှုတွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက ဟိုတယ်ကို ၁၂ နာရီကြာ ဝန်းရံပိတ်ဆို့ထားခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်တွင် တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း၊ ဟိုတယ်အတွင်းသို့ အကြမ်းဖက်သမားများ မည်ကဲ့သို့အလွယ်တကူဝင်ရောက်ခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အာဖဂန်နစ္စတန်တာဝန်ရှိသူများက ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment