Saturday, January 27, 2018

အေးသာယာမြို့၌ ၅၅ ခုမြောက် မြဝတီဘဏ်ခွဲဖွင့်

Image may contain: 3 people, people standing, crowd and outdoor
ညောင်ရွှေ ဇန်နဝါရီ ၂၆
ပြည်သူလူထုအတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရန်၊ အနီးပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုံခြုံ စိတ်ချမှုအပြည့်ရှိသည့် ဘဏ်ဝန်ဆောင်မှုဖြင့် ဒေသတွင်း ငွေပေးချေမှုစနစ် လွယ်ကူလျင်မြန်စေရန်အတွက် ရည်ရွယ်၍ မြဝတီဘဏ်လီမိတက်(အေးသာယာ) ဘဏ်ခွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၃)ရပ်ကွက် နန်းထက်ဝေလမ်းရှိ အဆိုပါဘဏ်အဆောက်အအုံ၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်းနှင့်တာဝန်ရှိသူများက ဘဏ်သစ်ကမ္ပည်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖျန်း၍ ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
အေးသာယာဘဏ်ခွဲတွင် အပ်ငွေများ၊ ခေါ်ယူအပ်ငွေ များ၊ စာရင်းသေအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှုအပ်ငွေများ၊ ကတ်စာရင်းအပ်ငွေများ လက်ခံ ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကို လိုအပ်သော ငွေကြေးအရင်းအနှီးများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံအဖြစ် ယူဆ၍ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ထား သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန်ငွေလွှဲပို့နိုင်ခြင်းများ အပါအဝင်Modern Banking အနေဖြင့်လည်းMobile Bankingဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
''အခုဖွင့်လှစ်လိုက်တဲ့ ဘဏ်ခွဲကတော့ မြဝတီဘဏ် များရဲ့ ၅၅ ခုမြောက် ဘဏ်ခွဲဖြစ်ပါတယ်၊ အခုက Semi Online Core Bankingစနစ်ကနေ နိုင်ငံတကာCore Banking စနစ်ကို ပြောင်းလဲဖို့ ဆောင်ရွက်နေတဲ့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပြီဆိုရင် မြဝတီဘဏ် အနေနဲ့Visa ၊ Master တို့နဲ့ ချိတ်ဆက်ပြီး ATM ဝန်ဆောင်မှုတွေအပြင် Credit Card ဝန်ဆောင်မှု၊ အခြား ဝန်ဆောင်မှုအသစ်တွေကိုလည်း ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်'' ဟု မြဝတီဘဏ် အေးသာယာဘဏ်ခွဲမန်နေဂျာ ဒေါ်နန်းယဉ်ဝေလွင်က ပြောသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)

No comments:

Post a Comment