Tuesday, January 2, 2018

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာနှင့်ပင့်သံဃာတော် အပါး ၁၈ဝဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကျင်းပနိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တက်ရောက်ကြည်ညို

Image may contain: sky and outdoor
ရန်ကုန် ဇန်နဝါရီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကကြီးမှူး၍ သာသနာတော် နှစ် ၂၅၆၁ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈ဝဝဝ အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်၌ ကျင်းပသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ပတ္တမြားဗိမာန်တော် နေရာ၌ နံနက် ၆ နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် မင်္ဂလာမုခ်ဦးတော်ကြီးကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံတို့က ဖဲကြိုးဖြတ် ပြီး စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ရွှေတိဂုံရင်ပြင်တော် အနောက်မြောက်ထောင့်အရပ်ရှိ အောင်မြေအရပ်၌ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တို့အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌနှင့် သီတဂူဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော် ၄၅ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ရွှေတိဂုံစေတီတော်မြတ်ကြီး အတွက် အလှူငွေကျပ် ၁ဝ သိန်းနှင့် အလှူရှင်များက ရွှေထည်၊ ငွေထည်နှင့် အလှူငွေများကို လှူဒါန်းကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထား သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဇေယျာလူမှုထူးချွန်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ကမ္ဘာ့ ငြိမ်းချမ်းရေး စေတမန်ဆုများရှင် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလက အခမ်းအနားနှင့် စပ်လျဉ်းပြီး မပြည့်စုံမှု၊ မှားယွင်းမှုများရှိပါက ခွင့်လွှတ်သည်းခံတော်မူပါရန် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား တောင်းပန်လျှောက်ထား သည်။
ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တÓဏိဿရထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအမှူးပြုသော ထေရ်ကြီးဝါကြီး သက်တော်ရှည်ဆရာတော်ကြီးများ၊ နိုင်ငံတော်အဆင့် သံဃာ့ ဦးသျှောင်ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအသီးသီးမှ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများအပါအဝင် သံဃာအပါး ၁၈ဝဝဝ တို့က ဥဒါန်းပါဠိတော်လာနည်းအတိုင်း ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းတော်မူကြပြီး မင်္ဂလသုတ်၊ မေတ္တသုတ်ပရိတ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြကာ အခမ်းအနားကို ''ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်အမှူးပြုသော သံဃာတော် အပါး ၁၈ဝဝဝ တို့အား နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင် ပင့်သံဃာတော်အပါး ၁၈ဝဝဝ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ရွှေတိဂုံစေတီတော် မုခ်လေးမုခ်တို့ရှိ မင်္ဂလာမဏ္ဍပ်တို့၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင် များက အရှေ့ဘက်မုခ်ရှိ မင်္ဂလာမဏ္ဍပ်သို့ ကြွရောက်တော်မူလာကြသည့် ပင့်သံဃာတော်အပါး ၄၅ဝဝ၊ တောင်ဘက်မုခ်ရှိ မင်္ဂလာမဏ္ဍပ်သို့ ကြွရောက်တော် မူလာကြသည့် ပင့်သံဃာတော် အပါး ၄၅ဝဝ၊ မြောက်ဘက်မုခ်ရှိ မင်္ဂလာမဏ္ဍပ် သို့ ကြွရောက်တော်မူလာကြသည့် ပင့်သံဃာတော်အပါး ၄၅ဝဝ နှင့် အနောက်ဘက်မုခ်ရှိ မင်္ဂလာမဏ္ဍပ်သို့ ကြွရောက်တော်မူလာကြသည့် ပင့်သံဃာတော်အပါး ၄၅ဝဝ စုစုပေါင်း ပင့်သံဃာတော် အပါး ၁၈ဝဝဝ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူကြသည်။
သတင်းစဉ်

No comments:

Post a Comment