Friday, December 29, 2017

မောင်တောဆေးရုံကြီးတွင် အသေးစားခွဲစိတ်ကုသမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်တော့မည်

Image may contain: 1 person
မောင်တော ဒီဇင်ဘာ ၂၈
သီတဂူဆရာတော်ကြီး လှူဒါန်းသော ခွဲစိတ်ကုသဆောင် နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ရောက်ရှိလာပြီဖြစ်၍ မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အသေးစား ခွဲစိတ်ကုသမှု လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း မောင်တောပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီ ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည်။
''ကျွန်တော်တို့ဆေးရုံမှာ သီတဂူဆရာတော်ကြီးအနေနဲ့ ၂ဝ၁၆ ခုနှစ်ကတည်းက ခွဲစိတ်ကုသဆောင်ရယ်၊ ဆေး စတိုရယ် လှူဒါန်းထားပြီးဖြစ်ပါတယ်၊ ဒီနှစ်မှာတော့ လူနာတင်ယာဉ်တစ်စီး ထပ်မံလှူဒါန်းပေးပါတယ်၊ ခွဲစိတ် ကုသဆောင်နဲ့ ဆေးစတိုကတော့ သိန်း ၁ဝဝဝ ဖိုးလောက် ရှိပါတယ်၊ ခွဲစိတ်ခန်းထဲမှာရှိတဲ့ ခွဲစိတ်ခန်းသုံးပစ္စည်း လှူဒါန်းတာက သိန်း ၁၅ဝဝ တန်ဖိုးလောက်ရှိပါတယ်၊ ဒီလိုလှူဒါန်းပေးတဲ့အတွက် ကျွန်တော်တို့ မောင်တော ဆေးရုံကြီးမှာ သားဖွားမီးယပ်လို ခွဲစိတ်ကုသမှုတွေ၊ ခွဲစိတ် ကုသပေးဖို့ လိုအပ်တဲ့လူနာတွေကို ထိရောက်စွာ ကုသ ပေးနိုင်တော့မှာဖြစ်ပါတယ်'' ဟု ဆေးရုံအုပ်ကြီးက ရှင်းပြသည်။
သို့သော်လည်း အကြီးစား ခွဲစိတ်ကုသမှုများဖြစ်သည့် နှလုံးခွဲစိတ်ကုသမှုနှင့် မျက်စိခွဲစိတ်ကုသမှုများကို ဆောင် ရွက်ပေးနိုင်ဦးမည် မဟုတ်ကြောင်း၊ အဓိကအားဖြင့် သားဖွားမီးယပ်နှင့် အထွေထွေ ခွဲစိတ်ကုသမှုများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း ¤င်းက ထပ်လောင်းပြောကြားသည်။
ခုတင် ၅ဝဝ ဆံ့ မောင်တောပြည်သူ့ဆေးရုံကြီးသည် မောင်တောမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အဓိကအားထားနေရသော ဆေးရုံကြီးဖြစ်ကြောင်း၊ လူနာ များအား ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ဆေးရုံတိုးချဲ့ နှစ်ထပ်လူနာ ကုသ ဆောင်နှင့် ဆေးရုံဝန်ထမ်းအိမ်ရာများကိုလည်း မကြာမီ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က မောင်တောပြည်သူ့ဆေးရုံကြီးတွင် သီတဂူဆရာတော်ကြီးက ခွဲစိတ်ဆောင်၊ လူနာတင်ယာဉ် တစ်စီး၊ အဝတ်အထည်များနှင့် ငွေကျပ် သိန်း ၁ဝဝဝ တို့ကို ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း၊ ၄င်းငွေကျပ် သိန်း ၁ဝဝဝ ကို မြို့နယ်အတွင်း ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ကျပ် သိန်း ၅ဝဝ စီ ခွဲဝေသုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မောင်၊ ဇေယျာ
ဓာတ်ပုံ-နေဝင်းထွန်း

No comments:

Post a Comment