Tuesday, December 26, 2017

ဖျာပုံ-ပုသိမ် ရေယာဉ်လိုင်း ဒေသထွက်ကုန်များကိုသာ အားထားပြေးဆွဲနေရ

Image may contain: one or more people, sky and outdoor
ဖျာပုံ ဒီဇင်ဘာ ၂၅
ဖျာပုံမြို့မှ ပုသိမ်မြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ရေလမ်းကို တစ်ချိန်က အဓိကထားသွားလာခဲ့ရာ ရေယာဉ်ပိုင်ရှင်များ ဝင်ငွေ ကောင်းခဲ့ပြီး ရေယာဉ်များ တိုးချဲ့ပြေးဆွဲခဲ့ကြသည်။ သို့သော် ယခုအခါ မော်တော်ကားလမ်းများ ပေါ်ထွန်းလာသည့်အတွက် ရေယာဉ်စီးခရီးသည်များ မရှိတော့သဖြင့် လိုင်းရေယာဉ်များမှာလည်း အစီးရေလျော့သွားပြီး ထွက်မည့် ရက် ပုံမှန်မထွက်နိုင်တော့ကြောင်း သိရသည်။
''ဖျာပုံမှ ဘိုကလေး-မော်လမြိုင်ကျွန်း-မြောင်းမြ-ပုသိမ် ရေယာဉ်လိုင်းက တစ်ချိန်က ခရီးသည်အတော်များပါတယ်၊ ကုန်တွေကလည်းများတော့ ဖျာပုံ ကနေ တစ်ရက်ခြား ပုံမှန်ထွက်ခဲ့ရတယ်၊ ကားလမ်းတွေ ပေါ်ပေါက်လာတော့ ဖျာပုံ-ပုသိမ် ကားလမ်းက ကားခ ကျပ် ၇ဝဝဝ၊ ရေယာဉ်စီးခ ကျပ် ၄ဝဝဝ ဖြစ်ပေမယ့် ဈေးလျှော့ယူတာကိုပဲ စီးမယ့်လူမရှိဘူး၊ ကားကတော့ ငါးနာရီ လောက် မောင်းရပြီး နေ့ချင်းပြန်လို့ရတယ်၊ ရေယာဉ်ကတော့ ၁၈ နာရီလောက် မောင်းရတော့ တစ်ညအိပ်ပဲဆိုပါတော့၊ ရေယာဉ်လိုင်းမပျောက်အောင်သာ ပြေးဆွဲနေရတာပါ၊ ဖျာပုံကုန်ထက် ပုသိမ်ဒေသထွက်ကုန်တွေဖြစ်တဲ့ မီးသွေး၊ ထင်း၊ ဆား၊ ကျောက်မီးဖို၊ မြေမီးဖိုနဲ့ အခြားထွက်ကုန်တွေကိုပဲ အားထားပြေးဆွဲ နေရတယ်'' ဟု ဖျာပုံ-ပုသိမ် ရေယာဉ်လိုင်းမှ လုပ်သက်ရင့် ရေယာဉ်စာရေး တစ်ဦးက ပြောသည်။
ဖျာပုံ-ပုသိမ် ရေယာဉ်လိုင်းမှာ ခရီးသည်မရှိတော့သလောက်ဖြစ်နေပြီး ပုသိမ်ဒေသထွက်ကုန်ပစ္စည်းများကို ဖျာပုံမှကုန်သည်များက မှာယူမှုနှင့် ပုသိမ်မှ ကုန်ရနိုင်မှုဆက်သွယ်ပြီး ပြေးဆွဲနေရသဖြင့် ပုံသေရက်သတ်မှတ်ပြီး မပြေးဆွဲ သည်မှာ ကာလကြာမြင့်နေပြီး ဝင်ငွေအားဖြင့် ကုန်ကျစရိတ် ကာမိရုံသာ ရှိကြောင်း ရေယာဉ်ပိုင်ရှင် ဦးကျော်စိုးက ပြောသည်။
အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment