Thursday, December 28, 2017

ကိုရီးယားသီတဂူအနေနဲ့ ဘုန်းကြီးတို့က အခုလို စုလှူကြတာပါ

Image may contain: 1 person, standing
မောင်တော ဒီဇင်ဘာ ၂၇
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရ ဦးဆောင်သော သီတဂူ သာသနာပြုအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်တွင် ရခိုင် ပြည်နယ်ရှိ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်နေ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုရန် လူနာတင်ယာဉ်၊ အဝတ်အထည်များနှင့် အလှူငွေများကို ဒေသအရောက် ပြည်သူများထံ လာရောက်ပေးအပ် လှူဒါန်းခဲ့သည်။ အလှူရှင်ဆရာတော်နှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ တာဝန်ရှိသူများ အား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြအပ်ပါသည်-
ဆရာတော် ဦးပဏ္ဍိစ္စ
ဘုန်းဘုန်းတို့ လာရတဲ့ရည်ရွယ်ချက်က ဒီဒေသမှာ ဒုက္ခရောက်နေတဲ့သူတွေ အားလုံးကို အကူအညီပေးချင် တယ်လို့ ဆရာတော်ကြီးက ဘုန်းဘုန်းတို့ဆီ ဖုန်း ဆက်တယ်။ ဒီမှာ ဒုက္ခရောက်နေတဲ့သူတွေအတွက် အဝတ်အစားတွေ စုခိုင်းတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးက လည်း ဝါတွင်းသုံးလ တရားစခန်းပွဲ လုပ်နေတော့ ဆရာတော်ကြီး အမိန့်ရှိတဲ့အတိုင်း ကိုရီးယားမှာရှိတဲ့ သံဃာတွေအကုန်လုံးကို အကြောင်းကြားလိုက်တယ်။ သံဃာတွေရော၊ ဒါယကာ ဒါယိကာမတွေရော အားလုံး စုပေါင်းလိုက်တာ အဝတ်အစားက ကွန်တိန်နာ နှစ်လုံးစာလောက်ရတယ်။ ကလေးဝတ်၊ လူကြီးဝတ်၊ အနွေးထည် အစုံပါပဲ။ အလှူငွေလည်း ဒေါ်လာ သုံးသောင်းလောက်ရတယ်။ ကိုရီးယားသီတဂူအနေနဲ့ ဘုန်းကြီးတို့က အခုလို စုလှူကြတာပါ။ ဒီဒေသကို မြင်ရတာ သိပ်တော့စိတ်ချမ်းသာစရာ မဟုတ်ဘူး။ နောက်ထပ်ဒီလို ဒုက္ခတွေမကြုံပါစေနဲ့လို့လည်း ဆုတောင်းပေးပါတယ်။ ဘေးရန်ကင်းကင်း ကျန်းကျန်း မာမာ ချမ်းချမ်းသာသာနဲ့ ကိုယ့်ရဲ့နိုင်ငံအတွင်းမှာ ကိုယ့် စားဝတ်နေရေးကို လုပ်ကိုင်နိုင်ကြပါစေလို့ မျှော်လင့်ပါ တယ်။
ဦးကျော်မိုးနိုင် (အတွင်းရေးမှူး၊ သီတဂူသာသနာပြုအဖွဲ့)
သီတဂူဆရာတော်ကြီးဦးဆောင်ပြီး ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ဟာ ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင်ဒေသတစ်ခုစီအတွက် လူနာတင်ယာဉ်တစ်စီးစီ လာရောက်လှူဒါန်းတာ ဖြစ်ပါ တယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံမှာရှိတဲ့ သီတဂူ ဆရာတော်ကြီးရဲ့တပည့် ဘုန်းဘုန်း ဦးပဏ္ဍိစ္စကိုယ်တိုင် ကြွလာပြီးတော့ ကိုရီးယားနိုင်ငံက လှူဒါန်းလိုက်တဲ့ အဝတ်အထည် ကွန်တိန်နာ ပေ ၄ဝ နှစ်လုံးစာကိုလည်း လာရောက်လှူဒါန်းတာ ဖြစ်ပါတယ်။ ဒီဒေသရဲ့ ပညာရေး၊ ကျန်းမာရေး လိုအပ်တဲ့ကဏ္ဍတွေအတွက် အသုံးပြုဖို့လည်း ဒေသတစ်ခုစီကို ငွေကျပ်သိန်း ၁ဝဝဝ စီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒီငွေတွေက ဆရာတော်ကြီး အလှူခံလို့ ရရှိထားတဲ့ လှူဒါန်းငွေ၊ တရားဓမ္မဟောကြားလို့ ရရှိထားတဲ့ လှူဒါန်းငွေတွေ စုပေါင်းပြီး သာသနာပြုအဖွဲ့နဲ့ ဆရာတော်ကြီး ဦးဆောင်ပြီး ခုလိုလာရောက်လှူဒါန်းကြခြင်း ဖြစ်ပါတယ်။ ဆရာတော်ကြီးက ငယ်စဉ်ဘဝကတည်းက ဒီဒေသမှာ သာသနာပြုခဲ့တဲ့ ခရီးစဉ်တွေလည်း ရှိခဲ့ပါ တယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကလည်း မောင်တောမြို့ ဆေးရုံမှာ လိုအပ်တဲ့ ဆေးရုံသုံးပစ္စည်းတွေကို ဒေါ်လာ တစ်သိန်းကျော်ခန့် လာရောက်လှူဒါန်းခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်မှာ ရေဘေး၊ လေဘေးကြုံတဲ့အခါတွေမှာ လည်း ဆရာတော်ကြီးက စဉ်ဆက်မပြတ်လှူဒါန်းပေးနေ ပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်နေတဲ့ ရခိုင်လူမျိုးတွေ ငြိမ်းချမ်းအေးမြ စွာ သာသနာအရိပ်အောက်မှာ နေနိုင်ရေး၊ ဗုဒ္ဓသာသနာ အဓွန့်ရှည်ရေး ဦးစားပေးဆောင်ရွက်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်ရေး၊ ပညာရေးမြှင့်တင်ရေး လုပ်ငန်းတွေကိုလည်း ဆရာတော်ကြီးက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေအပြင် ကျောက်တော်၊ မြောက်ဦးမြို့များမှာပါ ဆောင်ရွက် လျက်ရှိပါတယ်။
ဦးမြင့်အောင်(အတွင်းရေးမှူး၊ သီတဂူသာသနာပြုအဖွဲ့)
ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး ငြိမ်းချမ်းပြီးတော့ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး လူသားအားလုံး ငြိမ်းချမ်းစွာလက်တွဲ နေထိုင်နိုင်ရေး အဓိကထားဆောင်ရွက်တာလည်း ဖြစ်ပါ တယ်။ မြန်မာပြည် တစ်နံတစ်လျားမှာရှိတဲ့ မြန်မာပြည်သူ တွေ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းနိုင်ဖို့ လုပ်ဆောင်နေ ခြင်းလည်း ဖြစ်ပါတယ်။ သီတဂူအနေနဲ့ လုပ်ဆောင် နေတာကတော့ ယနေ့မြန်မာပြည် ဘယ်ဒေသမှာ ဘယ်လို ဘေးအန္တရာယ်တွေ ကျရောက်နေပါစေ ဆရာတော်ကြီးက ရောက်ရာအရပ်ကနေ ပြန်လာပြီး မေတ္တာ၊ ကရုဏာနဲ့ ပံ့ပိုးကူညီနေခြင်းဖြစ်ပါတယ်။ လက်ရှိအနေနဲ့ မြန်မာ တစ်နိုင်ငံလုံး မျက်စိဆေးရုံ ၃၃ ရုံ ဖွင့်လှစ်ပြီးပါပြီ။ ငါးရုံ ထပ်ဖွင့်ပါဦးမယ်။ ဗုဒ္ဓတက္ကသိုလ်အနေနဲ့လည်း ငါးခု ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ ရုရှား နိုင်ငံတွေမှာလည်း ထေရဝါဒသာသနာပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းတွေကို ဆရာတော်ကြီး ဦးဆောင်ပြီး သီတဂူသာသနာပြုအဖွဲ့က ဆောင်ရွက်လျက်ရှိပါ တယ်။
ဇေယျာ၊ မြင့်မောင်
ဓာတ်ပုံ-နေဝင်းထွန်း

No comments:

Post a Comment