Saturday, December 2, 2017

လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

Image may contain: 1 person, tree, crowd, wedding and outdoor
ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်တက္ကသိုလ်ဝင်း၌ ယနေ့နံနက် ၉ နာရီမှစ၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းမှ ကစားသမားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
အဆိုပါ ပွဲတော်တွင် အားကစားပြိုင်ပွဲများအနေဖြင့် အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ၊ ဘတ်စကက်ဘောဂိုးသွင်းပြိုင်ပွဲ၊ သုံးချောင်းထောက် ပြေးပွဲများအပြင် ခြင်းလုံး၊ ဝူရှူး၊ ကျွမ်းဘား၊ သိုင်း၊ ကရာတေးဒိုအားကစားသရုပ်ပြပွဲများ ပါဝင်ပြသကြောင်း သိရသည်။
''ဒီပြိုင်ပွဲတွေကို ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါတယ်၊ အဓိကက ကျောင်းသား ကျောင်းသူ လူငယ် တွေကို အားကစားလုပ်ရခြင်းရဲ့ အကျိုးရဖို့အတွက်ပါ၊ ပြိုင်ပွဲတွေကို မနက် ၉ နာရီမှာတစ်ပိုင်း နေ့ခင်း ၁ နာရီ မှာတစ်ပိုင်း အပိုင်းနှစ်ပိုင်းနဲ့ ကျင်းပတာပါ၊ ဆုတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ထဲကနေ ကျခံသုံးစွဲတာပါ''ဟု ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြောသည်။
ယင်းပြိုင်ပွဲတွင် ဆုကြေးများအနေဖြင့် လွန်ဆွဲပြိုင်ပွဲ နှင့် ထုပ်ဆီးတိုးပြိုင်ပွဲကို ပထမဆု ငါးသိန်း၊ ဒုတိယဆု သုံးသိန်း၊ တတိယဆု နှစ်သိန်း သတ်မှတ်ထားပြီး ကျန်ပြိုင် ပွဲများကို ဆုငွေ တစ်သောင်းမှ သုံးသောင်းအထိ သတ်မှတ် ထားကြောင်း သိရသည်။
''ကျောင်းမှာထဲက ထုပ်ဆီးတိုးတာ ဝါသနာပါတယ်၊ အဲဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာပါ၊ တချို့တွေက လည်း ဘတ်စကက်ဘောဂိုးသွင်းပြိုင်ပွဲကို သွားကစားကြ တယ်၊ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံအများကြီးတွေ့ရ တော့ စိတ်ပျော်ရွှင်မိပါတယ်၊ ဒီပွဲတော်ဟာ ဗဟုသုတ လည်းရတယ်၊ နောက်လည်း ဆက်လက်ကျင်းပစေချင် တယ်၊ နောက်နှစ် ဒီနေရာမှာ ဒီလူတွေပြန်ဆုံဖို့ ဆုတောင်း ပါတယ်၊ အခုလိုလုပ်ပေးတဲ့အတွက် နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်''ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဇာကြည်အေးက ပြောသည်။
ယနေ့ကျင်းပသည့် ပွဲတော်နှင့်ပတ်သက်၍ နည်း ပညာတက္ကသိုလ်(မှော်ဘီ)မှ ကျောင်းသူ မေသော်တာက ''ညီမ နည်းပညာတက္ကသိုလ်(မှော်ဘီ)ကင်းထောက်အဖွဲ့ ကပါ၊ ကျောင်းက ကြက်ခြေနီတွေနဲ့အတူ Volunteer လာလုပ်တဲ့သဘောပါ၊ အခုလိုပွဲတော်လုပ်တာ အလွန် ကောင်းပါတယ်၊ လူငယ်တွေအတွက် ကာယရော ဥာဏ ရော ဖွံ့ဖြိုးစေပါတယ်၊ ဒီခေတ်မှာ ဘွဲ့ရပေမယ့် အလုပ်ရှာ ရခက်တယ်လေ၊ ဒီပွဲမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ ပြခန်းများပါဝင်တဲ့အတွက်လည်း ကောင်းပါ တယ်၊ အခုလို အားကစားပွဲတော်တွေကို လုပ်တဲ့အတွက် မြန်မာ့ရိုးရာအားကစားနည်းတွေလည်း မတိမ်မြုပ် တော့ဘူး၊ လူငယ်တွေတော်တော်များများက မိုဘိုင်းဂိမ်း မှာပဲ အာရုံစိုက်ကြတာများတယ်၊ အဲဒါကြောင့် ဒီလိုပွဲမျိုး လေးတွေ များများလုပ်ပေးစေချင်ပါတယ်''ဟု ပြောသည်။
ယနေ့ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်တွင် ပါဝင်သော အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း ပြိုင်ပွဲများအလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment