Tuesday, December 26, 2017

ကချင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး တောင်သူများအတွက် မြို့နယ် သုံးမြို့နယ်တွင် လယ်ယာမြေ ဧက ၈ဝဝ ဖော်ထုတ်ပေးမည်

Image may contain: sky, outdoor and nature
မြစ်ကြီးနား ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ် မြို့နယ် သုံးမြို့နယ်တွင် လယ်ယာမြေ ဧကအသစ် ၈ဝဝ ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။
''ကချင်ပြည်နယ် အစိုးရအဖွဲရဲ့ လမ်းညွှန်မှုနဲ့ ၂ဝ၁၆ ခုနှစ်မှာ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ လယ်ယာမဲ့ ဒေသခံ တောင်သူတွေကို လယ်ယာမြေဧက သစ် ၂၁ဝဝ ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်၊ အလားတူ တောင်သူတွေ လက်ရှိထွန်ယက်လုပ်ကိုင်လျက်ရှိတဲ့ လယ်ယာမြေတွေကို အဆင့်မြင့်လယ်ယာမြေအဖြစ် ဖော်ထုတ်ပေးခြင်းကို ဖားကန့်မြို့နယ်နဲ့ မိုးမောက်မြို့နယ်များမှာ ဧက ၂ဝဝ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ပူတာအိုမြို့နယ်မှာ ဧက ၂ဝဝ၊ တနိုင်းမြို့နယ်နဲ့ ရှင်ဘွေယန်မြို့နယ်များမှာ ဧက ၃ဝဝ စီနဲ့ စုစုပေါင်း ဧက ၈ဝဝ ကို လယ်ယာမြေ အသစ်ဖော်ထုတ်ရေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ၊ အဲဒီလို လယ်ယာမြေအသစ် ဖော်ထုတ်ရေးအတွက် ထွန်စက်ကြီး အစီး ၄ဝ၊ ဝန်ထမ်း အင်အား ၅ဝ က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ၊ ဦးစားပေး (၁)အနေနဲ့ လယ်ယာမြေမဲ့တောင်သူများ၊ ဦးစားပေး(၂)အနေနဲ့ အိမ်ထောင်စုလူဦးရေများပြီး လယ်ယာမြေ နည်းပါးသူ အိမ်ထောင်စုများ၊ ဦးစားပေး(၃)အဖြစ် ကျန်တဲ့ အိမ်ထောင်စု များကို ပြည်နယ်အစိုးရရဲ့လမ်းညွှန်မှုနဲ့အညီ ခွဲဝေပေးသွားမှာပါ'' ဟု ကချင်ပြည်နယ် စက်မှုလယ်ယာ ဦးစီးမှူး ဦးမောင်မောင်ဆန်းက ရှင်းလင်းပြောကြားသည်။
အလားတူ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြင့် လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဟိုပင်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်များတွင် ဧက ၃ဝဝ ကို သမားရိုးကျ လယ်ယာ မြေစနစ်မှ စက်မှုလယ်ယာမြေစနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အဆင့်မြင့်လယ်ယာမြေများတွင် စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် ခြွေလှေ့ခြင်း၊ ရေသွင်း၊ ရေထုတ်ခြင်းလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment