Wednesday, December 27, 2017

တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲဖွင့်

Image may contain: 3 people, people standing, basketball court and indoor
ရန်ကုန် ဒီဇင်ဘာ ၂၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၇ ခုနှစ် (၂၃) ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ''ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုး ဗစ်) အားကစားနည်းသည် အားကစားနည်း အားလုံး၏ အခြေခံအားကစားဖြစ်၍ တစ်ဦးချင်းရော၊ အဖွဲ့လိုက်ပါ အထောက် အကူပစ္စည်းကိရိယာမလိုဘဲ လူ၏ခန္ဓာ ကိုယ်သာ လှုပ်ရှားနိုင်သည့် အားကစားနည်း ဖြစ်ခြင်းကြောင့် လူအများ ကျန်းမာရေးအတွက် သာမန်အချိန်မှာပင် လေ့ကျင့်ကစားနိုင်သည့် အားကစားနည်းဖြစ်တာကို တွေ့ရမှာဖြစ်ပါ တယ်၊ ဂီတသံစဉ်စည်းချက်နဲ့အညီ လှုပ်ရှားကစားရပြီး လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်အပိုင်း အကြောအဆစ်တွေ ပျော့ပျောင်းစေသည့်အပြင် သွေးလည်ပတ်မှုနဲ့ အသက်ရှူမှုကို ပိုမိုကောင်းမွန်အောင် မြှင့်တင်အားပေးသည့် သွေးပူလေ့ကျင့်ခန်း ဖြစ်ခြင်းကြောင့် လူတိုင်း နေ့စဉ်မပျက်မကွက် ကစားသင့်သည့် အားကစားနည်းဖြစ်သည်ကို တွေ့ရမှာဖြစ်ပါတယ်''ဟု ပြောသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမား များက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုကြပြီး တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဒေါ်နန်းအေးခိုင်၊ ဒေါ်ရင်ရွှေ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးတို့ကSponsor များက ပံ့ပိုးငွေကျပ် ၁၁၅ သိန်းနှင့် အလှူရှင်များက လှူဒါန်းငွေကျပ် ၄၃ သိန်းတို့ကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် အထက(၄) တာမွေ ဘင်ခရာအဖွဲ့၊ Zumbaအဖွဲ့၊ အေရိုးဗစ် အငယ်တန်းအဖွဲ့တို့က အသီးသီး သရုပ်ပြသ ကြပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့သည်။
အဆိုပါ ပြိုင်ပွဲအား တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ၁၅ သင်း၊ အုပ်ချုပ်/နည်းပြ ကစားသမား စုစုပေါင်း ၃၆၂ ဦးတို့သည် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ယှဉ်ပြိုင် မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment