Friday, December 29, 2017

ယူကရိန်းအစိုးရနှင့် သူပုန်တို့အကြား အကြီးကျယ်ဆုံးသော စစ်သုံ့ပန်းဖလှယ်မှုပြုလုပ်

Image may contain: 1 person, standing, tree and outdoor===========

ကိယက်ဗ် ဒီဇင်ဘာ ၂၈
ယူကရိန်းနိုင်ငံအစိုးရနှင့် နိုင်ငံအရှေ့ပိုင်းရှိ လွတ်လပ်ရေး လိုလားသော လက်နက်ကိုင် အဖွဲ့အစည်းတို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အကြီးမားဆုံးသော စစ်သုံ့ပန်းလဲလှယ်မှုပြုလုပ်ခဲ့ကြကြောင်း၊ အစိုးရတပ်ဖွဲ့က ၎င်း၏ တပ်ဖွဲ့ဝင် သုံ့ပန်း ၇၄ ဦးကို လက်နက်ကိုင် အဖွဲ့အစည်းမှ တပ်ဖွဲ့ဝင်သုံ့ပန်း ၂၃၈ ဦးဖြင့် လဲလှယ်ခဲ့ကြောင်း ဒေသ ဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်း ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၉ ရက်၌ ဆွေးနွေးမှုအရ စစ်သုံ့ပန်းများ အပြန်အလှန် ဖလှယ်ကြရန် သဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၅ ရက်နှင့် ၁၂ ရက် ဆွေးနွေးမှုများတွင် အသေးစိတ် ဆက်လက် ဆွေးနွေးခဲ့ကြပြီး ယူကရိန်းနိုင်ငံ အစိုးရက စစ်သည် ၃ဝ၆ ဦးကို ၇၄ ဦးနှင့် လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။
အစိုးရ၏ စစ်သုံ့ပန်းများအနက် နှစ်ဦးမှာ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းရှိ အရပ်ဘက် လက်နက်ကိုင်အဖွဲ့အစည်းသို့ မပြန်လိုသဖြင့် မပါဝင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီလတွင် ယူကရိန်း အရှေ့ပိုင်းတွင် စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနှင့် လက်နက်ကိုင်များအကြား စစ်သုံ့ပန်းလဲလှယ်မှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ယခုတစ်ကြိမ် စစ်သုံ့ပန်း ဖလှယ်မှုမှာ ဦးရေအရ အများဆုံးဖြစ်သည်။
စစ်သုံ့ပန်း ဖလှယ်ရေး အစီအစဉ်အရ ဒွန်းနက်နှင့် လူဟန့်ဒေသတို့မှ သူပုန်များနှင့် အစိုးရတပ်ဖွဲ့တို့အကြား စစ်သုံ့ပန်းဖလှယ်မှုကို ဒွန်းနက်ဒေသ၌ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment