Monday, November 27, 2017

ငြိမ်းချမ်းရေးဂီတပွဲတော်level IIIပွဲစဉ်(၄) သီချင်းဆိုပြိုင်ပွဲ ရန်ကုန်မြို့၌ ဆက်လက်ကျင်းပ

Image may contain: 1 person, smiling, basketball court and stadium
ရန်ကုန် နိုဝင်ဘာ ၂၆
ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ level III၏ ပွဲစဉ် ၄ သီချင်းဆိုပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီခွဲက အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ်တင်ဝင်း အတွင်းရှိHexagon Complex ၌ ကျင်းပရာ ပွဲစဉ် ၃ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် လက်ရွေးစင်ခုနစ်ဦးအနက် မှ ဆက်လက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူ ငါးဦးကို ရွေးချယ်ပေးခဲ့ပြီး ပွဲစဉ် ၄ ပြိုင်ပွဲ အခမ်းအနားကို ယနေ့ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဟန်ထူး၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့်ပွဲစဉ်တွင် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရ သည့် လက်ရွေးစင် ငါးဦးမှာ စစ်တွေမြို့မှ အဆိုရှင် ဖြူလှ၊ ဘားအံမြို့မှ အဆိုရှင်SaPaung၊ ကလေးမြို့မှ အဆိုရှင် ကြူကြူခိုင်၊ ရန်ကုန်မြို့မှ အဆိုရှင် မေသူကျော်တို့နှင့် ပရိသတ် မဲပေးမှုရလဒ်နည်းခဲ့သော်လည်း ဒိုင်များ၏ အဆုံးအဖြတ် ဖြင့် ပြန်လည်save လုပ်ခြင်းခံရသူ ရန်ကုန်မြို့မှ အဆိုရှင် မေသဇင်တို့ဖြစ်သည်။
ယနေ့သီဆိုပြိုင်ပွဲဝင်ခဲ့ကြသည့် အဆိုပါပြိုင်ပွဲဝင် ငါးဦးအနက်မှ နောက်ဆုံးပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင် သုံးဦး၏ အမည်စာရင်း ကို ဒီဇင်ဘာ ၃ ရက် ည ၈ နာရီခွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားMRTV မှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ ထောက်ခံပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိစေရန်နှင့် အထောက်အကူပြုစေရေးတို့အတွက် ရည်ရွယ်၍ ကျင်းပနေ ခြင်းဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ငြိမ်းချမ်းရေးဂီတပွဲတော်အတွက် ပွဲစဉ်များကို မြို့နေရာများ သတ်မှတ်ကာ ကျင်းပခဲ့ရာတွင်level I အဆင့် ၁ ဒေသလက်ရွေးစင်ရွေးချယ်ပွဲများကို တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ဘားအံ၊ ကလေး မြို့တို့၌ ကျင်းပခဲ့သည်။ အဆိုပါမြို့များမှ လက်ရွေးစင် ၃၆ ဦး ထွက်ပေါ်လာခဲ့ သည်။ ဆက်လက်၍level II အဆင့်ပွဲစဉ် လေးခုကို ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲဝင် ၁၁ ဦးကို level III အဆင့်အတွက် ရွေးချယ်နိုင်ခဲ့သည်။level III အဆင့်ကိုလည်း ပွဲစဉ် လေးခုဖြင့် ကျင်းပခဲ့ပြီး နောက်ဆုံးပြိုင်ပွဲကြီးကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာ ၁ဝ ရက်တွင် ကျင်းပသွားမည်ဖြစ် သည်။
မိမိနှစ်သက်ရာ တေးသံရှင်များအတွက် မဲပေးလိုသည့် ပရိသတ်ကြီး အနေဖြင့် ပြိုင်ပွဲပြီးဆုံးချိန်မှ ၄၈ နာရီအတွင်းSMS ဖြင့် မဲပေးနိုင်ကြောင်း နှင့် မိမိကိုင်ဆောင်သည့် ဖုန်း MPT (၇၆၇၆)၊Ooredoo (၆ဝ၃၁)၊Telenor (၆၆ဝဝ)တို့မှတစ်ဆင့် အလွယ်တကူမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း- ခင်ဇာလီ၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment